
ဇန်နဝါရီ ၂၆ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ချောင်းဝကျေးရွာမှာ ဒီနေ့ မနက်(၁)နာရီဝန်းကျင်အချိန်တွင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်နယ်ဆေးရုံလည်းထိမှန်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ချောင်းဝဆေးရုံမှာ ဗုံးလာချသွားတယ် ၁ နာရီဝန်းကျင်လောက်က ဆေးရုံတက်နေတဲ့အခန်းတွေမထိဘူးလို့တော့ထင်တာပဲ ။ သေသေချာချာမသိရသေးဘူး အေ့အသံကြောင့် သေတဲ့သူတစ်ယောက်တောင်ရှိတယ်တဲ့ လန့်သေသေတာ လိုင်းတွေလည်းပိတ်ခိုင်းထားတုန်းပါ့ “ဟု အင်းတော်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနီးရှိဆေးရုံခွဲစိတ်ခန်းအမိုးအကာများထိမှန်ပျက်စီးခဲ့ပါတယ်။
ဆေးရုံနဲ့အနီးတဝိုက်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ ဒေသဆိုင်ရာရုံးတည်ဆောက်ထားတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
“အဓိကပစ်တာတော့ KPDF ရုံးကို ပစ်တာထင်တယ် ဆေးရုံကဖြင့် ကပ်ကပ်လေးရှိနေတာလေ ဆေးရုံထိသွားတာတော့ဟုတ်တယ် ” ဟု လွဲပေါကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ချောင်းဝကျေးရွာဒေသခံများနဲ့ အနီးကျေးရွာနေထိုင်သူအများစုက ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မနေ့က ဇန်နဝါရီလ (၂၅)ရက်နေ့မှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ အင်းအနောက်ကမ်းကျေးရွာရှိ တုံပင်ကျေးရွာကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ကျေးရွာဒေသခံများထံမှ သိရပါတယ်။
မိုးညှင်းမြို့နယ်ထဲပါဝင်တဲ့ အင်းတော်ကြီးဒေသမှာ ရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလာနေပါတယ်။
