
နိုဝင်ဘာ ၆ ၊ အင်းတော်
NUG ကသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့ကို အင်းတော် ပကဖ က ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အင်းတော်မြို့ ညမထွက်ရအမိန့်ဟာ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်တယ်လို့ Indaw Revolution (IR) မှသိရပါတယ်။
ညမထွက်ရအမိန့်ထုတ်ပြန်မှုဟာ အင်းတော်မြို့အတွင်းမှာ ခိုးမှု၊ လုယက်မှု၊ မူးယစ်ရမ်းကားမှုတွေဟာ မှောင်ရိပ်ခိုပြီး လုပ်ဆောင်မှုတွေရှိလာတာကြောင့် လျော့ပါးအောင်လုပ်ဆောင်တာဖြစ်ပြီး ည ၈နာရီကနေ မနက် ၄နာရီအထိ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့လည်း ပါရှိပါတယ်။
“ အင်းတော်က မြို့ထဲကို လူတွေအကုန် ဝင်မနေကြသေးဘူး။ တချို့တွေတော့ နေနေကြတယ်။ မြို့ရဲ့တစ်ပိုင်းပေါ့ ဒီအဝင်ဘက်ကဝင်နေကြတယ်။ စျေးဆိုင်တွေရော၊ ဘာတွေရောနည်းနည်းတော့ရှိလာပြီ ဟိုဘက်မှာတော့ဘာမှမရှိသေးဘူး” လို့ အင်းတော်မြို့ကို အမြဲခရီးသွားနေသူ တစ်ဦးကပြောပါတယ်။
ညမထွက်ရအမိန့်မထုတ်ပြန်ခင်က ညပိုင်းတွေမှာ ဆိုင်ကယ်၊ ကားဖြတ်သန်းသွားလာမှုတွေရှိပေမယ့်လည်း ည ၇ နာရီနောက်ပိုင်းမှာ ဖြတ်သန်းသွားလာမှုမရှိသလောက်ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ညမထွက်ရအမိန့်ထဲမှာ PDF တပ်တွေ တာဝန်အရသွားလာတာနဲ့ အရေးအပေါ်ကျန်းမာရေးအခြေနေအရ သွားလာခြင်းတွေတော့ ကန့်သတ်မှုမှာ မပါဝင်ကြောင်းဆိုပါတယ်။
အင်းတော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ သုံ့ပန်းတချို့ထွက်ပြေးလွတ်မြောက်မှုတွေရှိခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပါတယ်။
အင်းတော်မြို့ကို စစ်ကော်မရှင်ကလည်း စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို အောက်တိုဘာလကုန်မှာ ကြေညာထားပါတယ်။
အင်းတော်မြို့ကို NUG က သိမ်းပိုက်ထားတာ ၆ လကျော်ကြာမြင့်လာခဲ့ပြီး အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေတော့ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
