အင်းတော်မြို့တွင် တကျော့ပြန်မြို့သိမ်းတိုက်ပွဲပြန်စ 

ဇန်နဝါရီ ၃၁ ၊ အင်းတော် 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် တော်လှန်ရေအင်အားစု ပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၇  ရက်နေ့မှစပြီး မြို့သိမ်းတိုက်ပွဲ တစ်ကျော့ပြန် ဆင်နွဲလျက်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

အင်းတော်မှာချနေတာ စစ်ဘေးရှောင်တွေဘုန်းကြီးကျောင်းကိုရောက်နေပြီ။ သူတို့တွေက PDF ကိုအကူအညီတောင်းလိုက်တာလေ အဲ့ကနေသူတို့တွေထွက်ခဲ့ကြတာ၊ အခုထိတော့ တိုက်ပွဲကချနေကြတုန်းပဲ ၊ ဂျပန်လိုဏ်ဂူတစ်နေရာပဲကျန်တော့တယ်လေ” လို့ အင်းတော်စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက  ရှမ်းနီအသံကို ပြောဆိုသည်။ 

ဇန်နဝါရီ ၂၇ ရက်နေ့မှမနက်မှစပြီး  NUG ၏ အမှတ် (၁) စစ်ဒေသမှ ပူးပေါင်းတပ်ဖွဲ့များ ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ABSDF ( ကျောင်းသားတပ်မတော် ) တို့ က ပူးပေါင်းပြီး အင်းတော်မြို့သိမ်းတိုက်ပွဲဆင်နွဲနေခြင်းဖြစ်သည်။ 

တိုက်ပွဲသည် ယနေ့မနက်ပိုင်းအထိ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။ 

မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံတချို့ဟာ ဇန်နဝါရီလအစောပိုင်းမှာ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး အကူအညီများလိုအပ်နေကြသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ 

အင်းတော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ဧရိယာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ တပ်စခန်းတချို့ကျန်ရှိနေခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ကသာခရိုင် ၊ ကောလင်းခရိုင်အတွင်းက မြို့များကို တော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *