
ဇန်နဝါရီ ၃၀ ၊ အင်းတော်
အင်းတော်မြို့နယ် မော်လူးဒေသမှာ (၂၀၂၆ )ခုနှစ် ဇန်နဝါရီလတစ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၁၄) ဦးအထိရှိလာခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ (၂၉) ရက်နေ့ညနေပိုင်းမှာ မော်လူးဒေသ လေဘိုကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၈) ဦးအထိရှိပြီး မိသားစုတစ်စုထဲမှာပဲ (၇) ဦးအထိသေဆုံးခဲ့တာလို့ Indaw Revolution (IR) အဖွဲ့က ဒီနေ့မှာထုတ်ပြန်လာခဲ့ပါတယ်။
ဂျက်ဖိုက်တာတစ်စင်းက ပေါင် (၅၀၀) ဗုံးနှစ်လုံးကြဲချပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ အဆိုပါမိသားစုအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့တာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့ကလည်း မော်လူးမြို့ မာန်ဟဲရွာထိပ်ရှိ ပကဖရုံးကို လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တဲ့အထဲ တပ်သား (၅ )ဦးသေဆုံးခဲ့ပါတယ်။
မာန်ဟဲရွာထိပ်ကို ည (၁၁) နာရီဝန်းကျင်ခန့်တွင် စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပကဖတပ်သား (၅)ဦး သေဆုံးပြီး အရပ်သား (၂ )ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw revolution IR ကဆိုထားပါတယ်။
မော်လူးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီလအတွင်းမှာ သုံးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူ (၁၄ ) ဦးနဲ့ ဒဏ်ရာရရှိသူလည်း (၆) ဦးအထိရှိနေပါတယ်။
အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို (၂၀၂၃ )ခုနှစ်ကတည်းက NUG ၊KIA+PDF နဲ့ ABSDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်းထဲ အစောဆုံးသိမ်းပိုက်ခဲ့တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
