အထက်တန်းစား ရွှေတူးဖော်ရေးသမားများ

တစ်ကြိမ်ရောက်ဖူးပြီးလျှင် နောက်ထပ်ပြန်လာချင်စိတ်ရှိအောင် ဆွဲဆောင်နိုင်သည့် ဒေသများ၌ အင်းတော်ကြီးပါဝင်သည်။ မှတ်မှတ်မိမိ ၂၀၁၉ ခုနှစ်မှာ  ‘အင်းတော်ကြီးဒေသက စိမ်းစိုအေးချမ်းလိုက်တာနော် နောက်တစ်ခေါက်များအခွင့်ရရင် ပြန်ရောက်ချင်ပါရဲ့’ ဟု စစ်ကိုင်းတိုင်း ဗန်းမောက်နယ်သူ ညီမငယ်လေးတစ်ဦး ဆိုဖူးသည်။ အမှန်စင်စစ်လည်း  နေချင့်စဖွယ်ရှိခဲ့သည်ကိုး။

မိုးညှင်းမြို့မှ မော်တော်ယာဉ်ဖြင့် နှစ်နာရီကျော်ကျော်ခန့် မောင်းနှင်ပြီးပါက အင်းတော်ကြီးဒေသအတွင်းသို့ ရောက်ရှိနိုင်သည်။  ဒေသအတွင်းကို ရောက်ရှိနိုင်ဖို့ နန့်မွန်းတောင်ကို ကျော်ရသည်။ နန့်မွန်းတောင်ကို နာရီဝက်ခန့် ကွေ့ပတ်ကျော်ဖြတ်ပြီးပါက တောင်ခြေ ‘နန့်မွန်း’မြို့လေးထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါ၏။ သည်တွင် ယူနက်စကိုစာရင်းဝင် မြန်မာပြည်တွင်း၌ အကြီးဆုံး ‘အင်းတော်ကြီးအိုင်’ကြီးနှင့် အင်းတော်ကြီးဘေးမဲ့တော ဒေသထဲသို့ လုံးလုံးလျားလျားရောက်ရှိပါသည်။

တောင်တန်းများပတ်လည်ဝန်းရံထားပြီး တောင်တန်းများ၏အောက်ခြေတွင် တည်ရှိနေသည့်ရွာများမှာ  တစ်ရွာ့နှင့်တစ်ရွာ ဆက်လုဆက်ခင်။ တစ်ရွာ့နှင့်တစ်ရွာကြားကို လယ်ယာမြေများ ခြား၍ထားသည်။  အင်းတော်ကြီးကန်ရှိ လှိုင်းကြက်ခွပ်လေးများနှင့်အတူ သစ်ရွက်စိမ်းတို့စံပျော်ရာ၊ လယ်ကွင်းပြင်ကျယ်တို့ဌာနေ၊ ရှမ်းပြည်မဟုတ်သော ရှမ်းနီမြေပေ။  

ရှမ်းနီတိုင်းရင်းသားတို့ဌာနေဖြစ်သော ရှားပါးအဖိုးတန်သည့် ငှက်မျိုးစိတ်များရှင်သန်နားခိုတည်ရှိရာဒေသအပြင်  တန်ဖိုးကြီးလှပါသည်ဟု သတ်မှတ်ထားကြသည့် တွင်းထွက်ပစ္စည်းများစွာထဲက တစ်မျိုးတစ်မည်ပါဝင်သည့်’ရွှေ’အလွန့်အလွန်ထွက်ရှိပေါကြွယ်ဝရာ ဒေသလည်းဖြစ်၏။ ဆိုခဲ့သလို တွင်းထွက် ‘ရွှေ’အင်မတန်ထွက်ရှိသည့် ဒေသသည် ဝိသမလောဘသားများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။ ယခင် (၁၉၀၀) ကျော်ခုနှစ်များမှစတင်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းများရှိခဲ့သော်လည်း ယနေ့ခေတ်ကဲ့သို့ မဆိုးဝါးခဲ့ဟု ဆိုဖွယ်ရာရှိသည်။

နန့်မွန်းမြို့မှ  အနောက်မြောက်ဘက်၊အင်းအနောက်ကမ်းသို့ ဦးတည်ကာ (၁၀)မိနစ်ကျော် ခရီးနှင်ပြီးလျှင် ရှမ်းနီဘာသာဖြင့် အင်းမြို့ဟု အဓိပ္ပာယ်မည်သော မိုင်းနောင်ကျေးရွာအား မြင်တွေ့ရသည်။ တစ်ဖန် မိုင်းနောင်မှလွန်ပြီး ( ၃ )မိုင်ကျော်သာသာ ဆက်သွားပါက ကျေးရွာချင်းဆက်လျှက် မမုန်ကိုင်ကျေးရွာကို ရောက်၏။ သည်ကျေးရွာနှစ်ရွာ မှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍  ရွှေတူးဖော်ရေးလုပ်ငန်းအား ဆိုးဆိုးဝါးဝါး  အလွန်အကျွံ လုပ်ကိုင်နေပေပြီ။ အထူးသဖြင့်  ယခုနှစ်ပိုင်း၌ မမုန်ကိုင်ကျေးရွာတွင် ရွှေတူးဖော်မှုပို၍ဆိုးဝါးလာသည်။ ရှစ်လုံးထိုး အင်ဂျင်ရှိစက်ကြီးများနှင့် ဘက်ဖိုးကဲ့သို့ စက်ယန္တရားကြီးများစွာဖြင့် မီးကုန်ယမ်းကုန်တူးဖော်နေကြသည်။  နေ့နေ့ညည အဖိုးတန် ‘ရွှေ’ ကိုရှာဖွေနေကြသည်။ မမုန်ကိုင်ကျေးရွာ၌  ယေဘုယျအားဖြင့် တစ်ဦးချင်းစီတွင် တစ်ရက်ပျမ်းမျှ ရွှေ (၁၀)ကျပ်သားခန့် ထွက်ရှိသည်ဟု ဆိုသည်။ ရွှေ တစ်ပိဿာရရှိရန် ရက်အနည်းငယ်မျှသာ အချိန်ယူရ၏။ 

ထိုမျှ  ရွှေထွက်နှုန်းမြင့်မားနေသော်လည်း  အောက်ခြေလူတန်းစားများအဖို့ရာ လောက်လောက်လားလား မပိုင်ဆိုင်နိုင်ပေ။ အိမ်မက်မျှသာ ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်မည်။ အံ့သြစရာကောင်းသည့်အချက်က ရွှေတူးဖော်ရန် အကြီးစားရွှေလုပ်ငန်းရှင် တာဝန်ခံမှော်ဥက္ကဌ (၅)ဦးခန့် ထားရှိသည်ဟုဆို၏။ ရွှေတူးဖော်ခွင့်ရရှိရန်   အဆိုပါ အဖွဲ့အစည်းများထံ အခွင့်တောင်းခံရသည်။ သို့သော် လူတိုင်းဝင်ရောက်ခွင့်မရရှိပေ။  ၎င်းတို့၏ဆွေမျိုးနီးစပ်များ၊ အသိအကျွမ်းများနှင့် ငွေကြေးအတော်အတန်တတ်နိုင်သူများသာ ရွှေတူးဖော်ရေးလုပ်ကိုင်နိုင်သည့် ရွှေလုပ်ငန်းရှင် အထူးအခွင့်အရေးကို ရရှိနိုင်သည်။ တာဝန်ခံများသည် မြေစျေးများအား ဆုံးဖြတ်သတ်မှတ်ထားရှိသည်။ သာမန်တစ်နိုင်တစ်ပိုင်တူးဖော်သူများ မမှန်းနိုင်သည့် စျေးနှုန်းဖြစ်၏။ အဆမတန်တိုးမြှင့်သတ်မှတ်ထားခြင်းဖြစ်သည်။  မြေစျေးများသည် အနိမ့်ဆုံးစျေး ကျပ်ငွေသိန်းပေါင်းသောင်းချီ ရှိပြီး ၊အမြင့်ဆုံးစျေးနှုန်းမှာ ကျပ်ငွေသိန်းပေါင်းသိန်းချီ တန်ဖိုးရှိသည်။ အဆိုပါအဖွဲ့ဝင်များသည် သတ်မှတ်စျေးဖြင့် ရောင်းချလိုသော မြေပိုင်ရှင်များထံမှ ဖက်စပ်ဝယ်ယူတူးဖော်လေ့ရှိ၏(ဥပမာ-ငါးဦးစပ် ၊သုံးဦးစပ် စသဖြင့်)။ သည်ရွှေလုပ်ငန်းမှာ အလုပ်ရှင်နေရာနှင့် အလုပ်သမားနေရာ၌ ကျေးရွာဒေသခံ (၇၀)ရာခိုင်နှုန်းခန့် ပါဝင်လုပ်ကိုင်နေသည်။   

ယခင်  တံငါလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတို့အား အားထားလုပ်ကိုင်ခဲ့ကြသည့် ကျေးရွာသူ/သားများသည်် ရွှေလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်နေ၏။ သူတို့ဘဝသည် ဆုတ်ယုတ်သွားသည်လား၊ တိုးတက်ခဲ့သည်လား မသေချာ။

တံငါသည်တွေသိပ်တော့မရှိတော့ဘူးတံငါသည်ကတစ်ရက်လုံးမှဘယ်လောက်မှရတာမဟုတ်ဟိုမှာတစ်ရက်သွားကျင်းလေးလိုက်ခေါင်းရင်တောင်မှကိုက်နေတာကြီးကို” ဟု  မမုန်ကိုင်ကျေးရွာသားတစ်ဦးမှ မှတ်ချက်ပြုသည်။

လုပ်ငန်းရှင်များသည် မြို့ကြီးပြကြီးများ၌ တိုက်နှင့်တာနှင့်။ အိမ်နှင့်ကားနှင့်။ ခြံနှင့်ဝင်းနှင့် ။ အခြားတစ်ဖက် ၌ လည်း ဒေသခံများအဖို့ သူတို့ မိဘဘိုးဘွားများ၏ လက်ငုပ်လက်ရင်းမြေယာများ ဆုံးရူံးခဲ့သည်။ ရှိရင်းစွဲပြည့်စုံသူများ ပိုကြွယ်ဝလာသည်။ နွမ်းပါးသူများက လုံးချာလည်နေသည်။

ထိုမျှမက ဒေသရှိ အနီးတစ်ဝိုက်ကျေးရွာများနှင့်မမုန်ကိုင်ကျေးရွာဝယ်  လူငယ်အားလုံးနီးပါးသည်  ရွှေလုပ်ငန်းများ၌သာဝင်ရောက်လုပ်ကိုင်နေသည်။ လူငယ်အမျိုးသားများအနေဖြင့် ဘက်ဟိုးကဲ့သို့ စက်ယန္တရားကြီးများအား မောင်းနှင်လုပ်ကိုင်မှု၌ လုပ်ခလစာ တစ်လလျှင် (၁၁)သိန်းကျပ်အနိမ့်ဆုံး ရရှိသည်ဟု သိရ၏။ ထို့ပြင် စက်ယန္တရားကြီးများဖြင့်  တူးဖော်ရာမှ  ထွက်ရှိလာသည့် ‘သဲစာ’အစုလိုက်အပြုံလိုက်များအား  ကျေးရွာအပြင်ဘက်ရှိ လုပ်ငန်းရှင်များ၏အင်စာကန်သို့ ပို့ဆောင်ပေးသည့်အလုပ်များလည်း လုပ်ကိုင်ကြသည်။ အရပ်အခေါ် “သဲတင်ကား”မောင်းနှင်သောသူဖြစ်ပြီး တစ်လလျှင် (၉)သိန်းကျပ် ရရှိသည်။ အဆိုပါ’သဲစာ’များမှ  ရေဖြင့်သဲစာဖျောပြီးပါက ရွှေရရှိ၏။ နောက်ထပ် ကျေးရွာသူများ၏အခန်းကဏ္ဍသည် ရွှေတူးဖော်ရာမှပါရှိလာသည့် ကျောက်ခဲများအား ဖယ်ထုတ်ပစ်ရသော ‘ကျောက်ခဲပစ်’ခြင်း၊စားဖိုမလုပ်ကိုင်ခြင်း၊ အင်ဝိုင်း အကူလုပ်ကိုင်ခြင်းလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ကြသည်။ တစ်ရက်ပျမ်းမျှ ကျပ်(၄)သောင်းဝန်းကျင် ရရှိသည်ဟု သိရသည်။ သည်ရွှေတူးဖော်ရေးလုပ်ငန်း၌ ကျင်းပိ၍အသက်ဆုံးရူံးခဲ့ရသော အောက်ခြေအလုပ်သမားအချို့လည်း ရှိနေ၏။

“လူငယ်တွေလည်းလက်မှုလုပ်ငန်းတွေမရှိ‌တော့ဘူးလေရွှေလုပ်ငန်းကလည်းပိုက်ဆံပိုရတာကိုးပေါ့ပေါ့လေးပဲဖြစ်တာလေကျန်တဲ့ဟာတွေသိပ်မတွေးတော့ဘူးအဲ့လုပ်ငန်းမှာပဲကိုယ့်လုပ်အားတွေနဲ့ပဲလုပ်စားကြတာပေါ့၊ရွာရဲ့စီးပွားရေးတွေလည်းပိုကောင်းလာတယ်ရွှေစျေးကကောင်းတာကိုး၊လူတန်းစားမညီတော့ဘူးလေချမ်းသာတဲ့သူတွေကပိုပိုချမ်းသာလာတယ်ဆင်းရဲတဲ့သူတွေအောက်ကိုကျသွားတယ်အဲ့လိုတွေပေါ့။လူငယ်တွေလည်းအကုန်ရွှေမှာ‌တွေကြီးပဲလုပ်နေကြတော့အင်းတော်ကြီးမှာလက်မှုပညာတွေပျောက်ကွယ်ကုန်တာပေါ့ခရီးသွားဆွဲဆောင်ဖို့ဘာမှမရှိကုန်တော့ဘူး “ဟု   အင်းတော်ကြီးဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ ဒေသခံလူငယ်များအနေဖြင့်လယ်ယာလုပ်ငန်းအပါအဝင် အခြားသောလက်မှုလုပ်ငန်းများ၌ စိတ်ပါဝင်စားမှုအလွန်ပင်နည်းပါးသွားသည်။

မိုင်းနောင်-မမုန်ကိုင်-လုံးတုံ ကားလမ်းပိုင်းတစ်ဖက်စီမှာတွေ့ရသည့် ရွှေလုပ်ကွက်ကြီးများ

စင်စစ်ရွှေတူးဖော်နေသော နေရာများသည် မမုန်ကိုင်ကျေးရွာအထွက်ဘက် လုံးတုံ (ခေါ်)အင်းတော်ကြီးမြို့သို့ သွားလမ်းရှိ ကျွန်းတောကြီး တည်ရှိရာနေရာ၌ဖြစ်သည်။ လမ်းဘယ်ဘက်ခြမ်းရှိ ကျွန်းတောကြီးနှင့်မြေနေရာအားလုံး ကုန်သလောက်နီးပါးဖြစ်နေသည်။ အင်းတော်ကြီးကန်နှင့် ပေတစ်ထောင်ခန့်သာအကွာအဝေးရှိနေသည့် လမ်းညာဘက်အခြမ်း၌လည်း စတင်တူးဖော်နေပြီဖြစ်သည်။ လမ်းပိုင်းဧရိယာများပင် ရွှေတူးဖော်ခြင်းခံရ၏။ ယခင်ကားတစ်စီးစာ လွတ်လွတ်ကင်းကင်းသွားလာနိုင်သည့် လမ်းသည် ယခုလူသွားလမ်းခန့်မျှသာ ကျန်ရှိနေပေပြီ။ လမ်းပိုင်းတစ်ဖြည်းဖြည်း ကျဉ်းမြောင်းပျောက်ကွယ်လာသည်။  ကျွန်းတောကြီးများသည်လည်း ပျောက်ကွယ်ခဲ့ပြီး ကျွန်းတောနှင့် သစ်ပင်စိမ်းတို့ နေရာများ၌ အဝီစိတွင်းများနှင့်အလားသဏ္ဍာန်တူ မြေတွင်းပေါက်များသာ နေရာယူထားပေပြီ။ သစ်တောကိုမှီခိုသည့်  တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များလည်း  ပို၍ပို၍မျိုးတုန်းမည့် အန္တရာယ်ရှိနေသည်။ ထိုမျှမက အင်းတော်ကြီးကန်သည်လည်း စိုးရိမ်ဖွယ်ခြေနေရောက်ရှိနေသည်။ အင်းတော်ကြီးအိုင်အတွင်းစီးဝင်သည့်  ရေဝေရေလဲဧရိယာများ၊ချောင်းမြောင်းများတွင် နွံရေများသာ ပြောင်းလဲလာသည်။ ရွှံံ့နွံရေများကြောင့် အင်းတိမ်ကောနိုင်ခြင်းအပြင် ရေနှောက်ကျိအရောင်ပြောင်းညစ်နွမ်းမှုများ ရှိလာနေသည်ဟု အင်းကမ်းနံဘေးနေထိုင်သူတို့က ဆိုကြသည်။

“ရွှေလုပ်တဲ့ရေနွံလိုမျိုးရေတွေကလေအဲ့ရေတွေကအင်းထဲဝင်တော့ရေကပိုနှောက်လာတယ်ကောလာတယ်အဲ့စီးသွားတဲ့နွံတွေကသွားဖုံးမယ်အင်းကောလာမယ်၊အခုကတောတောင်တွေလည်းမရှိတော့ဘူးဆိုတော့ငှက်မျိုးစိတ်တွေလည်းရှားလာတယ်တစ်ချို့မျိုးစိတ်ဆိုရင်မရှိကုန်တော့ဘူးမမုန်ကိုင်ရွှေတူးတာကဖားကန့်လိုအနက်ကြီးတွေ တူးကြတာလေရေတွေတောင်အောက်ကနေစိမ့်ထွက်နေတဲ့အနေအထားလေမြေသားတွေလဲမမှန်ကုန်တော့ဘူး “  ဟု အင်းစပ်နေထိုင်သူ ကျေးရွာသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ အတောမသတ်နိုင်သည့် သဘာဝသယံဇာတတူးဖော်မှုသည် ကျေးရွာအတွင်းပိုင်း နေအိမ်များအထိ ကျူးကျော်ဝင်ရောက်လာမည်ကို ဒေသခံတို့ စိုးရိမ်ကြောင့်ကျနေသည်။ အလားတူ မိုင်းနောင်ကျေးရွာသည်လည်း ထိုနည်းလည်းကောင်း ရွှေတူးဖော်မှုများကြောင့် သစ်တောများနှင့် လယ်ယာတို့ ပျောက်ဆုံးသွားပြီး တွင်းချိုင့်များ ပြည့်နှက်ပွရောင်းခတ်နေနှင့်ပြီးဖြစ်၏။

နောက်ဆက်တွဲအနေဖြင့် မကြုံတွေ့ခဲ့ဖူးသည့် ရေကြီးရေလျှံမှုများကဲ့သို့သော ဆိုးဝါးလှသည့်သဘာဝဘေးအန္တရာယ်များအား  ယခုနှစ်ပိုင်းများ၌ ဒေသအတွင်းဖြစ်ပေါ်နေသည်။ 

သဘာဝသယံဇာတပေါကြွယ်ဝခြင်းသည် ဒေသအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေခဲ့သယောင်။ အင်းတော်ကြီးဒေသကို  စိမ်းစိုလှပသည်ဟု ချီးမွမ်းခဲ့သည့်  ညီမငယ်အဖို့ ယခုကာလမှာ အလည်အပတ်ပြန်လည်ရောက်ရှိလာလျှင် နောက်ထပ်တစ်ကြိမ်ရောက်ချင်စိတ်မှ ရှိပါလေစ။  ယခင်မြင်ကွင်းများအား နှမြောတသဖြစ်နေမည်လား။ ယခုထက် အခြေအနေ ပိုမိုမဆိုးစေရန်  အာဏာပိုင်များနှင့်ဒေသခံများတို့ ကာကွယ်သင့်ပြီဖြစ်ပေသည်။

အင်းတော်ကြီးအိုင်နှင့် စည်ခမ်းမြို့တော်ကြီးတည်ရှိရာ ဒေသရဲ့ အနာဂတ်သည် အာဏာပိုင်များနှင့်ဒေသခံများ၏ လက်ဝယ်၌ပင် ရှိနေသည်။ ငါးနှစ်ကျော်ခြောက်နှစ်ကာလအတွင်း ဤမျှပြောင်းလဲခဲ့သည်ဆိုလျှင် နောက်လာမည့်နှစ်ပေါင်း ဆယ်နှစ် ဆယ်ငါးနှစ်အတွင်း မည်သို့ပြောင်းလဲဖို့ရှိမည်နည်း။

နက်ရိူင်းလှသည့်ချောက်ကမ်းပါးကဲ့သို့သော မြေတွင်းပေါက်နေရာများ၌ သစ်တောများမြင်တွေ့နိုင်ဖို့ အခွင့်အရေးရှိပါအုံးမည်လား။  ဒေသရင်းငှက်မျိုးစိတ်နှင့် ရှားပါးငှက်မျိုးစိတ်များ၊ ဆောင်းခိုငှက်များ သောင်းချီပျော်မွေ့သည့်ဒေသ၊ သမိုင်းဝင်ကန်ကြီးနှင့် ဘေးမဲ့တောကြီးတို့အားထိန်းသိမ်းကြဖို့ အချိန်တန်နေပြီဖြစ်ပါသည်။ 

နန်းဆိုင်လောဝ် ရေးသားသည်။

Leave a Reply

Your email address will not be published. Required fields are marked *