အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်းပြီး စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲမည် 

ဩဂုတ် ၂၈ ၊ စစ်ကိုင်း 

အထူးတိုင်းစစ်ဌာနကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်ပြီး စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီအထူးတိုင်းစစ်ဌာနထဲမှာ အမှတ်(၁) စစ်ဆင်ရေးနယ်မြေထဲက တပ်ရင်း၊ ဗျူဟာတွေကို စနစ်တကျပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။ 

အထူးတိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်အဟုန်မြင့် လုပ်ဆောင်သွားမှာဖြစ်သလို တိုင်းစစ်ဌာနအောက်မှာရှိတဲ့ နည်းဗျူဟာများ ၊ တပ်ရင်းများ၊ ပကဖ တပ်များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေနဲ့အတူ မဟာမိတ် EROs ၊ LPDF တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ MOD က ကြေညာပါတယ်။ 

NUG ရဲ့ အမှတ် ၁ စစ်ဒေသထဲမှာ  စစ်ကိုင်း၊ မကွေး ၊​ မန္တလေး နဲ့ ရှမ်းမြောက် ဒေသတွေပါဝင်နေပြီး လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။ 

NUG  မှာ လက်ရှိ တိုင်းစစ်ဒေသ ၃ ခုရှိထားပြီး အမှတ် ၁ စစ်ဒေသမှာတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေး နဲ့ ရှမ်းမြောက်တို့ ပါဝင်နေကာ အမှတ် ၂ စစ်ဒေသမှာ  တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းများနှင့် ကရင်၊ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။ 

အမှတ် ၃ စစ်ဒေသထဲမှာတော့ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်း တပ်အချို့ ဝင်ရောက်လှုပ်ရှားတဲ့ ဒေသတွေကို သတ်မှတ်ထားပါတယ်။ 

စစ်ဒေသသုံးခုမှာ တပ်ရင်းပေါင်း ၃၀၀ ခန့်အထိ စုဖွဲ့ထားပြီး စစ်ဒေသအသီးသီးက  PDF တပ်ရင်းတွေမှာ  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များနှင့် ပူးတွဲကာ ကွပ်ကဲမှုရယူ လှုပ်ရှားကြတာလည်းဖြစ်ပါတယ်။ 

NUG ရဲ့ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)  တွေကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အထူးလှုပ်ရှားတပ်ရင်း သုံးရင်းရှိပြီး စစ်ဆင်ရေးတွေကို လှုပ်ရှားနေသလို  စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး နှင့် အင်းတော်မြို့ မြို့သိမ်းတိုက်ပွဲတွေဟာ အထူးလှုပ်ရှားတပ်ရင်းတွေပါဝင်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *