အပြောလွယ်သလောက်အလုပ်ခက်သည့် ဒီမိုကရေစီလူ့အခွင့်အရေးနှင့်ဖက်ဒရယ်နိုင်ငံတော် 

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရှမ်းနီလူငယ်ခေါင်းဆောင် တစ်ဦးကို ဒေသခံကာကွယ်ရေးတပ်သားများက ဖမ်းဆီးပြီးညှဥ်းပမ်းနှိပ်စက်ပြီးမှ ရှမ်းနီ အဖွဲ့အစည်းများနှင့် ရှမ်းအဖွဲ့အစည်းများက ဝိုင်းဝန်းတောင်းဆိုကြသည့်အတွက် ပြန်လည်လွတ်မြောက်လာသော ဖြစ်စဥ်တစ်ရပ် ဖြစ်ပွားခဲ့သည် ။

အဆိုပါဖြစ်ရပ်သည် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့  နှုန်းစံကျင့်ဝတ်မလိုက်နာတဲ့ လုပ်ရပ်အဖြစ် ရှု့မြင်ရမည်ဖြစ်ပြီး နိူင်ငံရေးတွင် အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ပြန်ဖြစ်သွားကြသည်ဟူသော လူကြီးသူမများ၏စကားကို ပြန်လည် အမှတ်ရစေပါသည် ။

သူများကိုယ့်ကို မကောင်းတာ မမှန်တာလုပ်တာမကြိုက်ရင် ကိုယ်ကိုယ်တိုင်လည်း ကောင်းအောင်ကျင့်ဟူသောလောကစကားသည် အထူးသတိပြုဖွယ်ပင်ဖြစ်သည် ။

ထို့အတူပင် အများပြည်သူအတွက် တိုက်ပွဲဝင်ပါသည်ပြောပြီး အများပြည်သူသွားသောလမ်းများကို ပိတ်ဆို့ခြင်း ပြည်သူလူထုအနီးတိုက်ပွဲဖော်ခြင်းများသည် မည်သည့်အဖွဲ့ပင်ဖြစ်စေ ထိုလုပ်ရပ်သည် အများပြည်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းပါရဲ့လားဆိုတာလည်း ပြန်သုံးသပ်ကြစေချင်ပါသည်။

စိတ်မကောင်းစရာ အကောင်းဆုံးကိစ္စတစ်ခုမှာ တည်ငြိမ်အေးချမ်းသောကာလမှာပင် လူတိုင်းပညာသင်ကြားရေး လက်လှမ်းမမီသောနိူင်ငံတွင် ကျောင်းများကို မဖွင့်ကြဖို့ သတိပေးခြင်း ကြောက်လန့်အောင် ခြောက်လန့်ခြင်းများသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ဟူသော လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်ကို ချိုးဖောက်ရာ မရောက်ပါသလောဟူသော မေးခွန်းကို ဖြစ်ပေါ်စေပါသည်။

အမှန်တကယ်မှာ လက်ရှိကျောင်းပညာရေးသည် NLD အစိုးရလက်ထက်က ရေးဆွဲထားသော ကျောင်းသင်ရိုးများနှင့် သင်ခန်းစာများသာ ဖြစ်သည်။ ဤသည်ကို တားမြစ်နေခြင်းသည် ငါလုပ်မှအဟုတ်ဟူသော လူ့ဂွစာတို့၏ အကျင့်စရိုက်ကို ဖော်ပြရာကျပါသည်။

သာ၍ဆိုးသည်မှာ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ပါမည်ဟု အများသိကျေညာထားသော အဖွဲ့အစည်းများက တိုင်းရင်းသားအများစုနေထိုင်ရာဒေသများတွင် စစ်အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို ငါတို့အောက်မှာနေ ငါတို့နောက်ကိုလိုက် မလိုက်ရင်ရန်သူဆိုတဲ့ သဘောထားဆန်ဆန် အပြုအမူမျိုး ပြုမူဆက်ဆံနေသည်မှာ တကယ်ပင်တိုင်းရင်းသားများအကျိုးကို လိုလားပါရဲ့လားဟူသော မေးခွန်းကို မေးစရာဖြစ်နေပါသည်။

အချုပ်ပြောရလျှင် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်နိူင်ငံတော်ဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးဖို့ ခက်နေဦးမည်သာ ဖြစ်ပါကြောင်း ဝေဖန် သုံးသပ်လိုက်ရပါသည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *