မေ၉၊စစ်ကိုင်း
အာစန်နီမုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှစပြီး မေလ ၁၃ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)” တိုက်ခတ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက မေလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစန်နီမုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား (၉၈၉) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၅ မိုင်မှ မိုင် ၇၀ နှုန်းရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းတွက်ချက်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၂ ပေ ရှိနိုင်တယ်လို့ဆိုပါတယ်။
မုန်းတိုင်း အရှိန်ကြောင့် မိုးရွာသွန်း လေပြင်းတိုက် မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။