ဇူလိုင် ၃ ၊ အိန္ဒိယ ၊ နိုင်ငံတကာသတင်း
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မှာ မနေ့ ဇူလိုင် ၂ ရက် အင်္ဂါနေ့က ပြုလုပ်တဲ့ ဘာသာရေးပွဲတော်မှာ လူစုပြုံတိုးဝှေးမှုကြောင့် အနည်းဆုံး ၁၂၁ ဦးသေဆုံးပြီး ရာနှင့်ချီသောလူများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ သတင်းတွေက ဖော်ပြပါတယ်။
ဒီဘာသာရေးပွဲတော်ကို လူ ၈၀၀၀၀ ခန့်သာ တက်ရောက်ဖို့ ပွဲစီစဉ်သူများက ခွင့်ပြုထားပေမယ့် ပွဲတော်ရက်မှာ လူ ၂၅၀၀၀၀ ထိ တက်ရောက်ခဲ့ကြတာလို့လဲ သိရပါတယ်။
ဟိန္ဒူဂုရုကြီးတစ်ဦးရဲ့ ဘာသာရေးပွဲတော်တစ်ခုမှာဖြစ်ခဲ့ပြီး ဒေသတွင်းသတင်းတွေက အဆောက်အဦးပွဲရုံတွင်း အပူရှိန်လွန်ကဲမှုကြောင့် လူများရုံးရင်းဆန်ခတ် ဖြစ်တာလို့ ရေးသားနေကြတာလဲ တွေ့ရပြီး၊ လူဦးရေသိပ်သည်းမှုကြောင့် အဆောက်ဦးပြိုကျတာလို့လဲရေးသားနေကြတာတွေ့နေရပါတယ်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်တွေက တိကျတဲ့ ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ပြီး ရှင်းလင်းတဲ့ ထုတ်ပြန်ပြောဆိုမှု မပြုသေးပါဘူး။
ရာနှင့်ချီတဲ့ လူထု ဒဏ်ရာရရှိခဲ့ကြပြီး လူ ၈၀ ကျော် စိုးရိမ်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရတယ်လို့ ရဲအရာရှိ Shalabh Mathur ပြောကြားကြောင်း APnews က ဇူလိုင်လ ၃ ရက်နေ့ထုတ် သတင်းမှာ ဖော်ပြပါတယ်။
၎င်းဘာသာရေးပွဲတွင်း မတော်တဆဖြစ်စဉ်မှာ သေဆုံးခဲ့ကြရတဲ့ လူ ၁၂၁ ဦးထဲ အများစုက အမျိုးသမီးများနဲ့ ကလေးသူငယ်တွေဖြစ်ကြပါတယ်။