“ဥရုချောင်းရေပြန်လျော့ကျနေပေမယ့်  အိမ်ခြေရာပိုင်းခန့်ရေနစ်မြှုပ်နေဆဲဖြစ်”

ဇူလိုင် ၂ ၊ ဖားကန့် 

ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာမှာ  မနေ့က ဇူလိုင်(၁)ရက်နေ့က   ဥရုချောင်းရေဟာ စိုးရိမ်ရေအမှတ်ထက်  (၁၀)ပေကျော် မြင့်တက်ခဲ့ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ (၂)ပေခန့် ပြန်လည်ကျဆင်းခဲ့ပြီဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။

    ဖားကန့်မြို့ကရေနစ်မြှုပ်မှုထက် လုံးခင်းကျေးရွာက ပိုမိုနစ်မြှုပ်ဆိုးရွားခဲ့ပြီး ဒီနေ့မှာ ရေပြန်လည်လျော့ကျဆင်းခဲ့ပေမယ့် အိမ်ခြေရာပိုင်းခန့်က ရေနစ်မြှုပ်နေဆဲဖြစ်တယ်လို့  လုံးခင်းကျေးရွာသားတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

    “ ဒီနေ့က နှစ်ပေလောက်တော့ကျသွားတယ် ကျတယ်ဆိုပေမယ့် အိမ်တွေတော့မြှုပ်နေဆဲပဲ မိုးထပ်ရွာရင်တော့ပြန်တက်မှာ  အဓိကကတော့ ကံဆီးမှာ မိုးမရွာဖို့အရေးကြီးတယ် အဲ့မှာမိုးရွာရင်ဒီမှာရေကြီးပြီလေ’ဟုသူကဆိုပါတယ်။

       လုံးခင်းကျေးရွာ ၊ဆိုင်းရာရွာသစ်က ကောင်းပြည့်အမည်ရှိပန့်ဆီဆိုင် တစ်ခုလုံးဟာ ရေစီးထဲမျှောပါပျက်စီးခဲ့တာအပြင် ဆန်ခါကျေးရွာနှင့် မမုံကျေးရွာကြားရှိ အရှည်ပေ(၄၀)ရှိသော တံတားတစ်စင်းလည်း ရေစီးကြောင့် ကျိုးကျပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

   “ ရွာထဲမှာတော်တော်ဆုံးရူံးကြမှာ နစ်တဲ့နေရာကမိန်းလမ်းမကြီးဆိုတော့လေ အဝတ်အထည်ဆိုင်တွေ စားသောက်ဆိုင်တွေ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်တွေအကုန်လုံးနစ်သွားတာ”ဟု  ရေကြီးရေလျှံမှုကြောင့် ကျေးရွာတွင်းမှာ နောက်ထပ်ပျက်စီးဆုံးရူံးမှု အများအပြားရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

   ဒီရေဘေးသင့်ခဲ့တဲ့ ဒေသခံတွေကို ဖားကန့်မြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ လုံးခင်းဒေသဆိုင်ရာ ပရဟိတအဖွဲ့များက ကူညီကယ်ဆယ်ပေးခဲ့ကြပါတယ်ါ။ 

    လုံးခင်းကျေးရွာမှာ ကုန်းမြင့်ပိုင်းဖြစ်တဲ့ ရပ်ကွက်(၅)ဘုရားကုန်းတစ်ခုတည်းသာ ရေလွှမ်းမိုးမှုမရှိနေတာဖြစ်ပြီး  ဖားကန့်မြို့မှာတော့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်သော  ငှက်ပျောတော၊ မရှီကထောင်စတာတွေအပြင်  ဥရုချောင်းဘေးရှိရပ်ကွက်များအားလုံး ရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *