
ဇန်နဝါရီ ၇ ၊ မြစ်ကြီးနား
ဧရာဝတီမြစ်ကို NUG က မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာကွယ်သွားမယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မနေ့က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်တပ်များနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ အသိပေးပြောကြားလိုပါတယ်”လို့ NUG ပြောခွင့်ရဦးနေဘုန်းလတ်ကပြောဆိုပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းပြန်လည်စတင်နိုင်ရေးနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေး ပြန်လည်ပြုပြင်ထားတဲ့ ဒီဇိုင်းပုံစံများ ၊ ငလျင်ဒဏ်ခံနိုင်ရည်အတွက် တွက်ချက်ထားမှုများကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့တဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
လျှပ်စစ်ရရှိရေး ရပ်တန့်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့အတွက် ၂၀၂၃ ခုနှစ်ကတည်းက စစ်ကော်မရှင်ဘက်က ပြောဆိုထားမှုရှိနေပေမယ့်လည်း ပြန်လည်အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
သို့ပေမယ့် ၂၀၂၄ ခုနှစ်မှာ ပြန်လည်အကောင်အထည်ဖော်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်ကို ခေါင်းဆောင်အဖြစ်ထည့်သွင်းပြီး စစ်ကော်မရှင်ကဦးဆောင်အဖွဲ့ဖွဲ့ခဲ့ပါတယ်။
ဒီအဖွဲ့က စီမံကိန်းကို ပြန်လည်သုံးသပ်ပြီးနှစ်ကုန်ပိုင်းမှာ နိုင်ငံခြားပညာရှင်များ၊ Asia Charter Professional Engineer (ACPE)အဖွဲ့နဲ့ ဆည်တည်ဆောက်ရေး ဒီဇိုင်းပြုပြင်ထားမှုများ ၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိရေး ဆောင်ရွက်မယ့် အခြေအနေများကို ချပြခဲ့ပါတယ်။
“ အခုကလေ ဆန္ဒပြမယ်ဆိုလည်းပြလို့မရ ကန့်ကွက်မယ်ဆိုလည်းကန့်ကွက်လို့မရတဲ့အနေအထားတွေကြောင့်မို့ စောင့်ကြည့်ရုံကလွှဲပြီး ကျွန်တော်တို့ဒေသခံတွေအနေနဲ့ဘာမှ ပြောစရာမရှိဘူး” လို့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြစ်ကြီးနားဒေသခံတစ်ဦးက ရှမ်းနီအသံကိုဆိုထားဖူးပါတယ်။
ဒီစီမံကိန်းကို အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်(၂၀၁၁ )ခုနှစ်ကနေ ၁၂ နှစ်အကြာထိ ရပ်တန်ခဲ့ပြီးတဲ့နောက် ပြန်လည်စတင်သွားဖို့ ပြင်ဆင်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။
