ဇူလိုင် ၁ ၊ မြစ်ကြီးနား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ဇူလိုင်လ(၁)ရက်နေ့ထိ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ် (၅)ပေခန့် ကျော်လွန်နေပြီဖြစ်ပြီး နောက်နှစ်ရက်အတွင်းမှာလည်း နောက်ထပ်(၂)ပေ ထပ်တိုးမြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၉)ရက်နေ့ကနေစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြစ်ကြီးနားမြို့ဟာ ယနေ့ဇူလိုင်လ(၁)ရက်နေ့အထိ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်နေဆဲဖြစ်တာကြောင့် ကူညီကယ်ဆယ်မှုများလည်း မလောက်ငှတဲ့အခြေအနေဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ရပ်ကွက်(၈)ရပ်ကွက်ရှိပြီး အိမ်ခြေထောင်ချီရှိတဲ့ မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက်အတွင်းမှာလည်း အမြင့်ပိုင်းဖြစ်သောရပ်ကွက်(၁)တစ်ခုတည်းသာ ကျန်ရှိပြီး ကျန်ရပ်ကွက်တွေရေနစ်မြှုပ်နေပြီဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိနိုင်ခြင်းမရှိတော့ဘူးလို့ ရပ်ကွက်တွင်းနေထိုင်သူများက ဆိုပါတယ်။
“ ကယ်ဆယ်ရေးကတော့မရှိဘူးဒီမှာ ကယ်ဆယ်ရေးမရဘူး ပမ္ပတီးကတော့ ဝိုင်းဝန်းပြီးတော့သယ်ကြတယ်ကော ပမ္ပတီးလည်းနစ်ထားပြီး ရပ်ကွက်(၁)လောက်ပဲကျန်တော့တယ် ကွက်ကွက်ကလေးပဲ ကျန်တဲ့ဟာအကုန်နစ်သွားပြီ ရပ်ကွက်(၂)၊ (၃) ၊(၄) အကုန်နစ် မြစ်ကြီးနားဆိုအခုလောက်ဆို ကျွန်းပင်သာတို့အေးစေတီတို့အကုန်နစ်လောက်ပြီ တာရိုးမပေါက်ရုံပဲရှိမှာ တာရိုးပေါက်ရင်တော့ ရှမ်းစုတို့ဘာတို့မြှုပ်နိုင်တယ်လေ” ဟု ရေဘေးသင့်နေသူ ပမ္ပတီးရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
မြစ်ကြီးနားမြို့တွင်းက ကျွန်းပင်သာ၊ကချင်စု၊ စီတာပူ၊အေးစေတီ၊ ရမ်ပူစတဲ့ရပ်ကွက်တွေအပြင် မြစ်ကမ်းနားတစ်လျှောက်ရှိ ရပ်ကွက်များနဲ့ အနိမ့်ပိုင်းရပ်ကွက်အားလုံးရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အမြင့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရွှေအိုက်၊ရွှေပြည်သာ၊ အောင်မြေ(၁)(၂)၊ ရွက်လှမြိုင်၊ တပ်ကုန်းစတဲ့ရပ်ကွက်တွေကို တိမ်းရှောင်နေသူများလည်းရှိနေသလို မတိမ်းရှောင်နိုင်ပဲ ပိတ်မိနေသူများလည်း ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
“ အိမ်အပေါ်ထပ်ထိမြှုပ်တာလေ တို့ဟိုဘက်အောက်ချိုင့်က နိမ့်တဲ့ဘက်ကဆို အိမ်ပေါ်ထိနစ်တာ နှစ်ထပ်အိမ်တောင်မှနစ်တာဆို ၁၉၇၉ခုနစ်တုန်းကရေကိုတောင်မှီမလိုဖြစ်နေပြီကော ၂၀၀၄ရေကိုတော့မှီသွားပြီ ပူတာအိုမှာလည်းမိုးတအားရွာနေတာတဲ့ ဒီမှာလည်းမိုးကတအားကိုမှရွာနေတုန်းပဲ ရေကလည်းဆက်တိုက်တက်နေတယ် အန္တရာယ်ကအများကြီးရှိတယ်” ဟု မြစ်ကြီးနားမြို့တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ၁၉၇၉ခုနှစ်၊ ၁၉၉၇ခုနှစ် နဲ့၂၀၀၄ ခုနှစ်တွေမှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ဖူးပြီး ယခုနှစ်ရေကြီးရေလျှံမှုက နောက်ဆုံးနှစ်၂၀၀၄ ခုနှစ်ကဖြစ်ပွားခဲ့တာထက်ကို ကျော်လွန်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။