၁၀နှစ်နီးပါးရှိ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ  နန့်မွန်းနှစ်ခြင်း IDP စခန်းအပြီးပိတ်သိမ်း 

ဇွန် ၂၇ ၊​ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ နန့်မွန်းနှစ်ခြင်း IDP စခန်းတွင်နေထိုင်ကြတဲ့ စစ်ဘေးရှောင်  အိမ်ထောင်စု (၁၁)စု ဟာ အသီးသီးရွေ့ပြောင်းသွားကြပြီဖြစ်သောကြောင့် စခန်းကိုပိတ်သိမ်းလိုက်ပြီလို့ နန့်မွန်း အုပ်ချုပ်ရေးမှုးများထံမှ သိရပါတယ်။

   “ သူတို့ရွှေ့သွားလိုက်ပြီ မိုးညှင်းကိုရွှေ့တဲ့လူလဲ ရွှေ့သွားတယ် နောက်ပြီးတော့ သူတို့ဆွေမျိုးသားချင်းရှိတဲ့ အိမ်တွေကိုရွှေ့သွားတဲ့သူလည်းသွားတယ် နောက်ပြီး အိမ်ထောင်ကျပြီး ယောင်္ကျားနောက်လိုက်သွားတဲ့သူလည်း သွားတယ်” ဟု နန့်မွန်းမြို့ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှုးက ပြောပြပါတယ်။

    ဇွန်လ ၆  နေ့ကစတင်ပြီး  တစ်ချို့အိမ်ထောင်စုများက ရွှေ့ပြောင်းမှုပြုလုပ်ပြီး ဇွန်လ (၂၁)ရက်နေ့တွင် ကျန်ရှိနေတဲ့ အိမ်ထောင်စုများက အသီးသီးရွှေ့ပြောင်းခဲ့ကြတာဖြစ်တယ်လို့  ဆိုပါတယ်။

  ပြောင်းရွှေ့သွားတဲ့ စစ်ဘေးရှောင်တွေဟာ  မိုးညှင်းမြို့ပေါ်ကို အိမ်ထောင်စု(၈)စု ၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာကို အိမ်ထောင်စု(၂)စုနှင့် အင်းတော်ကြီးမြို့ (လုံးတုံ) သို့ ရွှေ့ပြောင်းနေထိုင်သူများလည်းရှိသလို ကျန်ဒေသများသို့ သွားရောက်နေထိုင်သူတွေလည်း ရှိကြောင်းသိရပါတယ်။

    “ ရှမ်းပြည်ထိပြန်မယ့်သူလဲရှိတယ် အေ့မို့သူ့ကို ဘုရားကျောင်းက လမ်းစရိတ်အနေနဲ့ ငါးသိန်းလားမသိဘူး ထုတ်ပေးလိုက်တယ် လူကယ်ပြန်ကလည်း အရွှေ့အပြောင်းလုပ်တဲ့ခါ တော်တော်လေးကိုကူညီပေးပါတယ်” ဟု ၎င်းကဆက်ပြောပါတယ်။

    ရွှေ့ပြောင်းမှုဆိုင်ရာ ကိစ္စရပ်များကို နန့်မွန်းမြို့နှင့် မိုးညှင်းမြို့နယ် မှ  အုပ်ချုပ်ရေးပိုင်းတွေက ကူညီဆောင်ရွက်ပေးမှုတွေပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

  အဆိုပါ စစ်ဘေးရှောင်တွေက ၂၀၁၂ -၂၀၁၃ခုနှစ်က  ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လာရောက်ရွှေ့ပြောင်းနေထိုင်နေသူများဖြစ်ကာ (၁၀)စုနှစ်ကျော်ကြာ နေထိုင်သွားကြတာလည်း ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *