ဇွန်၉၊မိုးညှင်း
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲ အောင်ချက် ၆၇.၈ ရာခိုင်နှုန်းရှိတယ်လို့ ဇွန်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုရန်ဖို့အတွက် စာရင်းတင်သွင်းခဲ့သော ကျောင်းသူ/ကျောင်းသား (၁၇၉၆၄၉) ဦးရှိခဲ့ပေမယ့် စာမေးပွဲ အမှန်တကယ်လာရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူဦးရေက (၁၆၁၈၅၀) ဦးသာရှိခဲ့တာလည်းဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိပြီး အောင်ချက် ၆၇.၈ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ မကွေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၇၅ ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း ၅၈.၈ နဲ့ အနည်းဆုံးလည်းဖြစ်ပါတယ်။
စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ၂၀၂၂- ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို အွန်းလိုင်းပေါ်အလွယ်တကူ ကြည့်ရှုနိုင်ဖို့အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ ဒီကနေ့ မနက် ၄ နာရီမှာ စတင်ထုတ်ပြန်ကြေငြာခဲ့ပြီး မနက် ၆ နာရီမှာ သက်ဆိုင်ရာစာစစ်ဌာနတွေမှာ စာမေးပွဲအောင်စာရင်းများကို ကပ်ထားကြေငြာခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၂- ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ စနစ်ဟောင်းသင်ရိုး၏ နောက်ဆုံးအကြိမ် တက္ကသိုလ်ဝင်တန်းစာမေးပွဲပဲ ဖြစ်ပါတယ်။