နိုဝင်ဘာ ၂၈ ၊ နေပြည်တော်
နေပြည်တော်မှာနိုဝင်ဘာလ(၁၈)ရက်နေ့ကနေ (၂၇)ရက်နေ့ထိ ကျင်းပပြီးစီးခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲကနေ ကျောက်စိမ်းအတွဲပေါင်း (၄)ထောင်နီးပါး ရောင်းထွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
ယခုနှစ်မှာ ကျောက်စိမ်းအတွဲပေါင်း (၄၀၆၀)တွဲ ခင်းကျင်းပြသခဲ့ပြီး (၃၉၆၆)တွဲ ရောင်းချနိုင်ခဲ့တာဖြစ်လည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထက် အတွဲပေါင်း(၂၀၀)ကျော်ပိုရောင်းထွက်
ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ (၄၁၄၅)တွဲကနေ (၃၇၀၄)တွဲသာ ရောင်းထွက်ခဲ့တာဖြစ်တာကြောင့် ခင်းကျင်းခဲ့တဲ့အတွဲပမာဏကတော့ ယမန်နှစ်ကပိုသာခဲ့တာကို တွေ့ရပါတယ်။
ကျောက်စိမ်းအများဆုံးထွက်ရှိရာ ဖားကန့်မြို့နယ်ထဲမှာတော့ ဒီနှစ်မှာ တိုက်ပွဲခပ်စိတ်စိတ် ပြင်းထန်ဖြစ်ပွားခဲ့မှုတွေကြောင့် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေ မကြာခဏရပ်နားရမှုတွေရှိခဲ့ပြီး မကြာသေးမီအောက်တိုဘာလကမှ ပြန်လည်လုပ်ကိုင်လာကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အခွန်တိုးကောက်မှုကြောင့်လည်း ပြီးခဲ့တဲ့လတွေက မန္တလေးမြို့အတွင်းရှိ ကျောက်စျေးကွက်တွေမှာ တရုတ်နိုင်ငံသားကုန်သည်များ ကျောက်စိမ်းဝယ်ယူခြင်းမရှိကြတော့ဘဲ မြန်မာကုန်သည်များသာ ဝယ်ယူနေကြကြောင်း သိရပါတယ်။
“ အခုကဖြင့် ကျောက်ဝိုင်းမှာတရုတ်တွေတစ်ယောက်မှမရှိကြတော့ဘူး အကုန်မြန်မာတွေကြီးဝယ်နေတာ မြန်မာတွေကသိတဲ့အတိုင်း စျေးမပေးကြဘူးလေ အရင်းပြန်ရတာတောင်ကံကောင်းနေသလိုပဲ ဘာအမြတ်မှမကျန်ဘူး’ဟု ဖားကန့်မြို့ကနေ မန္တလေးမြို့သို့ ကျောက်စိမ်းလာရောက်ရောင်းချသူ ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောပြပါတယ်။
ဒီလိုတရုတ်ပြည်က တရုတ်နိုင်ငံသားများ မန္တလေးကျောက်စိမ်းစျေးကွက် နဲ့ မှောင်ခိုစျေးကွက်တွေမှာ ဝယ်ယူမှုတွေ နည်းသွားတာကြောင့် အခုလို ကျောက်မျက်ရတနာပြပွဲကနေ ယခင်နှစ်ကထက်ပိုမိုရောင်းချနိုင်ခဲ့ဖြစ်နိုင်ကြောင်း ကုန်သည်များကဆိုကြပါတယ်။
၂၀၂၄ ခုနှစ် ကျောက်မျက်ပြပွဲမှာ ကျောက်စိမ်းအတွဲတွေအပြင် ကျောက်မျက် အတွဲ ၁၆၀ ပြသရောင်းချရာ ၆၂ တွဲသာ ရောင်းချခဲ့ရသလို ပုလဲအတွဲ ၂၈၀ တွဲပြသခဲ့ရာမှာ ၂၀၈ တွဲသာ ရောင်းထွက်ခဲ့တာလည်းဖြစ်ပါတယ်လို့ ထုတ်ပြန်ကြေညာထားသည်။