ဇန်နဝါရီလ ၉ ၊ ရန်ကုန်
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာ နိုင်ငံတစ်ဝန်းက မြို့နယ်အနည်းဆုံး (၈၁) မြို့နယ်အထိ စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ခြင်းကို ခံခဲ့ကြရတယ်လို့ Myanmar Internet Project ကထုတ်ပြန်လာပါတယ်။
ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်နေတဲ့ Myanmar Internet Project အဖွဲ့က ဇန်နဝါရီလ(၇)ရက်နေ့မှာ ပြောဆိုလာတာဖြစ်ပြီး ကချင်၊ရှမ်း၊ရခိုင်၊ချင်း၊မွန် စတဲ့ပြည်နယ်(၅)ခုနဲ့ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းစတဲ့တိုင်း(၄)တိုင်းအတွင်းက မြို့နယ်များဖြစ်ကြောင်း ဆိုထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့များ ဆုံးရူံးခံခဲ့ရတဲ့မြို့နယ်တွေအားလုံးနီးပါးကို အခုလိုအင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အလားတူ ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်ကနေ အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ထားတာဟာ ယခုနှစ်အစပိုင်းအထိ (၆)လနီးပါးကြာမြင့်လာပြီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာပင် တားမြစ်ခံထားရတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ကြည့်ရှုအသုံးပြုနိုင်ဖို့အတွက် ကြားခံအပလီကေးရှင်းအနေနဲ့ အသုံးပြုတဲ့ Virtual Private Network ( VPN )တွေကိုလည်း နိုင်ငံအနှံ့မှာ စစ်ကောင်စီက ဖမ်းဆီးပိတ်ပင်မှုများရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ဆိုးဆိုးရွားရွားပြတ်တောက်ခဲ့တဲ့နိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံကထိပ်ဆုံးပါဝင်ခဲ့တယ်လို့ အင်တာနက်စောင့်ကြည့်တဲ့အဖွဲ့အစည်းများရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။