ဩဂုတ် ၁၈ ၊ မိုးညှင်း
ရန်ကုန်မြို့ ၄၄ လမ်းတွင် ကျဆုံးသွားသည့် လူငယ်များ၏ ရက်လည်နေ့ ဩဂုတ် (၁၇) ရက်နေ့ည တွင် မိုးညှင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ နှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်ခဲ့ကြ ကြောင်း ၎င်းသမဂ္ဂထံမှ သိရသည်။
“ ယနေ့ မိုးညှင်းကျောင်းသားလူငယ် တက်ကြွလှုပ်ရှားသူများက 44လမ်းတွင်ကျဆုံးခဲ့သော အာဇာနည်များနဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးများ၌ကျဆုံးခဲ့ရသော အာဇာနည်များအတွက် အထိမ်းအမှတ်အနေဖြင့်တော်လှန်ရေး အထိမ်းအမှတ်သီချင်းများ သီဆိုပြီးတော့ ညသပိတ် လုပ်ခဲ့တာ” ဟု ပါဝင်သူလူငယ်တစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့က ၄၄ လမ်းရှိ ၄ လွှာတိုက်ခန်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးရာ လူငယ်များက တိုက်ခန်းမှ လူငယ် ၅ ဦးခုန်ချခဲ့ကာ သေဆုံးသူ (၂) ဦးရှိခဲ့ကာ (၃) ဦးကို စစ်ဆေးရုံတွင် ကုသပေးနေသည်ဟုဆိုသည်။
ခုန်မချပဲ ကျန်ခဲ့သူ (၃) ဦးဖမ်းဆီးရမိပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ၏ ရုပ်သံလိုင်းတွင် ဖော်ပြခဲ့သည်။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့၏ စာရင်းအရ နွေဦးတော်လှန်ရေးတွင် သေဆုံးသူ စုစုပေါင်း ၉၉၉ ဦးထိရှိခဲ့ပြီး ၇၃၂၀ ဦးဖမ်းဆီးခံထားရသည်ဟုဆိုသည်။