
ဧပြီ(၂၃)၊ ဗန်းမောက်
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး ထွက်ပြေးသွားသူ(တပ်ပြေး)အပါအဝင် တာဝန်ထမ်းဆောင်ခြင်းမရှိနေသူ အဖွဲ့ဝင်အယောက်စီတိုင်းကို မနေ့ကဧပြီ(၂၂)ရက်နေ့မှာ ပြန်ခေါ်စာထုတ်ပြန်လာပါတယ်။
တပ်ပြေးများနဲ့ ခွင့်မဲ့ ၊ခွင့်ရက်လွန် နေတဲ့ PDF ရဲဘော်များအနေဖြင့် တာဝန်ပြန်လည်ထမ်းဆောင်ကြရန် အလေးအနက်ထား ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့အတွင်း တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ ထိခိုက်ခဲ့သူရဲဘော်တွေကို စာနာထောက်ထားပြီး အခုလိုတပ်ဖွဲ့နဲ့ကင်းကွာနေတဲ့အကြောင်းအရင်းကို တွေ့ဆုံဖြေရှင်းကြရန်လည်း ဆိုထားတာပါ။
ဧပြီ(၂၁)ကလည်း ကသာမြို့ကနေ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းထိုးလာနိုင်ပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ ဗန်းမောက်မြို့နယ်နဲ့ကပ်လျက် အင်းတော်မြို့နယ် ပ.က.ဖက သတိပေးစာများထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီအတွက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး ဒေသခံများ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားဖို့ ဆိုခဲ့တာပါ။
ဒီမြို့နယ်နှစ်ခုတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနိုင်တာကြောင့် အခုလိုတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင်မှုတွေ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်က စစ်ရေးအရအရေးပါတဲ့ အင်းတော်မြို့နဲ့ နဘားလမ်းဆုံကို ပြန်လည်သိမ်းယူမှုတွေပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေသလို ဧပြီ(၁၃)ရက်ကစပြီး ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာနေပါတယ်။
