
မေ ၈၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှာ အလေးချိန် ၂၂၀၀ ဂရမ်နဲ့ ၁၁၀၀၀ ကရက် အရွယ်အစားရှိတဲ့ ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာ မှာထုတ်ပြန်ခဲ့ပါတယ်။
ပတ္တမြားကြီးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်မှာ ထားရှိပြီး သမ္မတဦးမင်းအောင်လှိုင်နဲ့ အတူ ဒုတိယသမ္မတများ၊လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဌာန ဆိုင်ရာများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီး ၅ လဝန်းကျင်အကြာမှာ အခုလို ပတ္တမြားတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
ခရမ်းရောင်သမ်းပြီး အနီရောင်အသွင်နဲ့ အဝါရိပ်ဖောက်တဲ့ အရောင်ဖြစ်ပြီး ဖန်ရောင်လက်ကောင်းမွန်ကာ ပြုပြင်ထားခြင်းမရှိပဲ သဘာဝအတိုင်းရှိတဲ့ ပတ္တမြားဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သုံးသပ်ထားတာပါ။
မြန်မာနိုင်ငံမှာ ယခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ ရှားပါးပြီးတန်ဖိုးရှိတဲ့ ပတ္တမြား (၃) ပွင့်ထက် ယခုပတ္တမြားဟာ အရည်အသွေးပိုကောင်းကြောင်းကိုလည်းထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
ဒါ့အပြင် မိုးကုတ်ရဲ့ သမိုင်းတစ်လျှောက်မှာ အခုလိုအရည်အသွေးမျိုးရှိတဲ့ ပတ္တမြားထွက်ရှိခဲ့ဖူးတယ်ဆိုတာမျိုး မရှိသလောက်ရှားပါးတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
ပတ္တမြားလေးပွင့်လုံးဟာ မိုးကုတ်ဒေသမှ ထွက်ရှိတာဖြစ်ပြီး တစ်ပွင့်ချင်းအလိုက် ထူးခြားတဲ့အရည်အသွေးရှိတယ်လို့သိရပါတယ်။
မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်မှာ တအောင်းတပ် TNLA နဲ့ NUG+PDF တို့ပူးပေါင်းသိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာပဲ စစ်တပ်ထံကို ပြန်လွှဲပြောင်းပေးခဲ့တာပါ။
သိမ်းပိုက်ခံရတဲ့ မိုးကုတ်မြို့နယ်အတွင်း သယံဇာတတူးဖော်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ်ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ဖူးပါတယ်။
