
မေ ၇ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာနေတဲ့ လုံးခင်းကျေးရွာမှာ ထောင်ထာင်းတဲ့မိုင်းပေါက်ကွဲပြီး မိုင်းစထိမှန်မှုကြောင့် ကလေးငယ်တစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့ မေလ ၇ ရက်နေ့ မနက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးတဲ့အပြင် သူ့ရဲ့အမေနဲ့ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ လုံးခင်း အားမာန်ကုန်မာဆိုင်ရှေ့ ၊ ကျောင်း မြောက်ဘက် လမ်းဘေးမှာ ထောင်ထားသောမိုင်း ပေါက်ကွဲ ကလေးငယ်တစ်ဦး အစဝမ်းဗိုက်မှန် ကလေးငယ်ဆုံးသွားပြီလို့ သိရပါတယ်။ စိတ်မကောင်းလိုက်တာ ကောင်းရာဘဝရောက်ပါစေ” လို့ လုံးခင်းကျေးရွာက ဆရာတော်တစ်ပါးက လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
လုံးခင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်တွေက ရွာတွေမှာ အခုရက်ပိုင်းတိုက်ပွဲဖြစ်ပွားနေသလို စစ်ရေးလည်းတင်းမာနေတဲ့အနေအထားဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် လက်နက်ကြီးပစ်ခတ်တာ ၊ မိုင်းထောင်တာတွေကို ပြုလုပ်ကြပြီး ဒီနေ့ မနက်မိုင်းပေါက်ကွဲမှုဟာလည်း လမ်းမအနီးထောင်ထားတဲ့မိုင်းကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မနက်ကမိုင်းလာချသွားတာ ကလေး၊ လူကြီးထိတယ်လို့ဆိုပါတယ်။လုံးခင်းရွာလယ်မိန်းလမ်း၊ ဘုန်းကြီးကျောင်းလမ်းခွဲ၊လမ်းဆုံမှာဖြစ်ပါတယ်” လို့ဒေသခံတစ်ဦးက ဆိုပါတယ်။
အမည်မသိ လူတစ်စုက ရွာလယ်လမ်းမအနီးမှာ မိုင်းတွေကို လာရောက်ချသွားပြီးနောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ကနဦးသိရပါတယ်။
မနေ့က မေလ ၆ ရက်နေ့ညပိုင်းမှလဲ လုံးခင်းကျေးရွာ ရပ်ကွက် ၄ က နေအိမ်တစ်ခုပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေမြင့်တက်နေပြီး အပြန်အလှန် လက်နက်ကြီး ၊ ဒရုန်းပစ်ခတ်မှုတွေဟာ နေ့တိုင်းရှိလာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဧပြီ(၂၃)ရက်နေ့ကနေ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက ကာမိုင်းကနေ ဖားကန့်မြို့သို့ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မှုကို တားဆီးနိုင်ရန်အတွက် ဒီလမ်းပိုင်းကိုပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုပိတ်ပင်ခဲ့ပေမယ့် အင်အား(၅၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ဖားကန့်ဒေသအတွင်းကို ရောက်ရှိနေတာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။
