လေကြောင်းပြန်လည်ပြေးဆွဲမယ့် ဦးစားပေးစာရင်းထဲ မြစ်ကြီးနားနဲ့ ပူတာအို တို့ပါဝင် 

မတ် ၂၅ ၊ မြစ်ကြီးနား 

ကုန်းလမ်းသွားလာရေးခက်ခဲတဲ့ ဒေသတွေကို ပထမဦးစားပေးအဖြစ်  ဒီနေ့ကစလို့ လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမယ်လို့ စစ်ခေါင်းဆောင်က   မနေ့က မတ်လ(၂၄)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်က  ပူတာအိုနဲ့ မြစ်ကြီးနားမြို့တို့လည်း ဦးစားပေးစာရင်းတွေထဲ ပါဝင်ပေမယ့် ဒီနေ့ ခရီးစဉ်ပြေးဆွဲခြင်းမရှိသေးဘူးလို့ လက်မှတ်အရောင်းဌာနများထံမှ သိရပါတယ်။

မြစ်ကြီးနားမြို့က တိုက်ခိုက်ခံထားရတဲ့ လေဆိပ်ဖွင့်လှစ်ခြင်းမရှိသေးတာကြောင့် ပူတာအိုမြို့သို့အပါအဝင် ခရီးစဉ်များအားလုံးကို ရပ်နားထားတာ  တစ်လကျော် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ 

လေကြောင်းပိတ်ပင်ထားမှုကြောင့်  မန္တလေး-မြစ်ကြီးနား ကားလက်မှတ်ခ ယခင် (၂)သိန်းခွဲကျပ်ကနေ ယခု(၅)သိန်းကျပ်အထိ မြင့်တက်နေတယ်လို့ ခရီးသွားလာသူ ဒေသခံများထံမှ သိရပါတယ်။

နောက်ထပ် မြစ်ကြီးနားမြို့ နဲ့ ပူတာအိုမြို့အပြင်  ရှမ်းပြည်နယ်က ကျိုင်းတုံ၊တာချီလိတ် ၊ စစ်ကိုင်းတိုင်းက ဟုမ္မလင်း၊ခန္တီး ၊ကလေး၊  ရခိုင်က  စစ်တွေ၊ကျောက်ဖြူမြို့ နဲ့  တနင်္သာရီတိုင်းက  ကော့သောင်းမြို့တို့ကလည်း ဦးစားပေးပြေးဆွဲမယ့်ထဲ ပါဝင်ပါတယ်။   

ဟုမ္မလင်း၊ခန္တီးနဲ့ တာချီလိတ်မြို့တွေကိုတော့ ဒီနေ့မှာ ခရီးစဉ်ပျံသန်းမှုရှိနေကြောင်းကို လေကြောင်းခရီးစဉ်ထုတ်ပြန်ချက်များအရ သိရပါတယ်။

အရှေ့အလယ်ပိုင်းတိုက်ပွဲကြောင့်  စက်သုံးဆီကြပ်တည်းမှုတွေ ဖြစ်ပေါ်လာသလို  လေယာဉ်ဆီရရှိနိုင်မှုတွေလည်း အကန့်အသတ်ဖြစ်လာကာ ပြီးခဲ့တဲ့ရက်ပိုင်းကနေ  လေကြောင်းလိုင်းအားလုံးနီးပါး ခရီးစဉ် ဖျက်သိမ်းရပ်နားထားကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့်  ပြည်တွင်းလေကြောင်းလိုင်းအားလုံးကို  လေယာဉ်ဆီအလုံအလောက် ဝယ်ယူနိုင်ဖို့ ပြန်လည် စီစဉ်ပေးထားပြီးဖြစ်ပြီး  မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊  အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)၊ မင်္ဂလာ ၊  Air Thanlwinနဲ့ မန်းရတနာပုံ စတဲ့လေကြောင်းလိုင်းအားလုံး ပြန်လည်ပြေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *