ဟုမ္မလင်းမြို့ Covid19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၅၉) ဦးကိုအသွားအလာကန့်သတ်စောင့်ကြည့်နေ

နောင်ခမ်းနှင့်ကတ်သာကျေးရွာရှိ ကွာလဒင်းစင်တာကို ရှမ်းရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများစစ်ဆေးနေစဉ်

ဟုမ္မလင်းမြို့နယ်မှ Covid-19 ပိုးတွေ့လူနာကို တိုက်ရိုက်ထိတွေ့သူနှင့် တစ်ဆင့်ခံထိတွေ့သူ စုစုပေါင်း (၅၉) ဦး အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့်ကပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ဟုမ္မလင်းမြို့တွင် အသွားအလာကန့်သတ်ခံထားရသူ အမျိုးသမီးတစ်ဦး၌ Covid19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလူနာနှင့် အမြန်ရေယာဉ် အတူစီးလာကာ တိုက်ရိုက်ထိတွေ့ခြင်းခံရသူ(၉)ဦး၊ တိုက်ရိုက် ထိတွေ့မှုမရှိခဲ့သူ (၁၃)ဦးနှင့် ၎င်းတို့နှင့် တစ်ဆင့်ခံ ထိတွေ့သူများ မိသားစုများ အပါအဝင် စုစုပေါင်း (၅၉)ဦးရှိကြောင်း ၎င်းကဆက် ပြောသည်။

“သူနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တဲ့သူကတော့ (၉)ယောက်လေ  အဲ့ဒီ(၉)ယောက်ကို တစ်ခါတည်း swab  ပို့ထားပြီတခါတည်း။ အခုက ဒုတိယအကြိမ် ထပ်ပို့တယ် တစ်ဆင့်ခံပေါ့။ တစ်ဆင့်ခံဆိုတာ လူနာနဲ့ တိုက်ရိုက်ထိတွေ့သူတွေမဟုတ်ဘူး စက်လှေတော့ အတူပေါ့ ဒါပေမဲ့ သူနဲ့တော့အဝေးကြီး စီးလာတာ သူနဲ့ သိလည်းမသိဘူးပေါ့။ အဲ့ဒီလူတွေနဲ့ အဲ့ဒီလူတွေကနေ တစ်ဆင့်ခံလူတွေ ဒီနေ့ (၁၃)ယော က်ထပ်ပို့မှာ” ဟု ဦးမျိုးညွှန့်က ဆက်ပြောသည်။ 

ပိုးတွေ့လူနာနှင့် ထိတွေ့သူများသည် တစ်ခြားမြို့နယ်များ ပါဝင်သဖြင့် မြို့နယ်အလိုက် အကြောင်းကြားထားပြီး ထိတွေ့ခဲ့သူအားလုံးသည် သက်ဆိုင်ရာ ကွာလ်ဒင်းဌာနများတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရသည်။ 

 “ အားလုံးကျန်းမာရေး ကောင်းကြပါတယ်။ ပိုးတွေ့သူကို ဆေးရုံမှာအထူးကြပ်မှတ်ဆောင်ကိုသီးတန့် Q ဝင်းပြီးထားထားတယ်။ သူနဲ့အတူ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦး Q ဝင်ခံထားရတယ် သူတို့လည်း။” ဟု ဆက်ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက် (၈)နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19ပိုးတွေ့သူအသစ် (၃၂၀)ဦး စုစုပေါင်း  (၆၄၇၁)ဦး ရှိပြီး သေဆုံးသူ အသစ် (၂)ဦး စုစုပေါင်း (၁၀၀)ဦးနှင့် ဆေးရုံဆင်းခွင့်ရှိသူ စုစုပေါင်း (၁၄၄၅)ဦး ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *