ILO က မြန်မာနိုင်ငံကို ပုဒ်မ ၃၃ ဖြင့် အရေးယူ

ဇွန် ၆ ၊ ရန်ကုန် 

မနေ့က ကျင်းပခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ILC မှာ မြန်မာနိုင်ငံဟာ ILO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူလိုက်တယ်လို့ သိရပါတယ်။ 

ပုဒ်မ ၃၃ နဲ့ အရေးယူမှုဟာ နိုင်ငံတစ်နိုင်ငံက လုပ်သားစံနှုန်းတွေကို မျက်ကွယ်ပြုပြီး အကြိမ်ကြိမ် ချိုးဖောက်တာ ၊ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့  အကြံပြုချက်တွေကို မဆောင်ရွက်နိုင်တာ နဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့အခါ ဒီဥပဒေကိုကျင့်သုံးတာလည်းဖြစ်ပါတယ်။ 

ILO ကနေ ပုဒ်မ ၃၃ ကိုအသုံးပြုပြီး စစ်ကောင်စီကို အရေးယူဖို့အတွက် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက မနှစ်ကတည်းကကြိုးစားမှုတွေရှိခဲ့ပြီး အခုနှစ်ညီလာခံမှ မဲခွဲဆုံးဖြတ်ချက်နဲ့အတည်ဖြစ်ခဲ့ တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု(MLA)နှင့် မြေပြင် သပိတ်မှောက် ရဲဘော်ပြည်သူများ၏ ကြိုးပမ်းမှုဖြင့် ILO က မြန်မာစစ်ကောင်စီကို ပုဒ်မ ၃၃ ဖြင့်အရေးယူမည်ဟုဆုံးဖြတ်ချက် ချမှတ်ခဲ့တာ” လို့ NUCC က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံဟာ ILO သမိုင်းမှာ  ပုဒ်မ ၃၃ ဖြင့် အရေးယူခံရတဲ့  ပထမဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံအရေးယူခံရတာလည်းဖြစ်ပါတယ်။ 

ပထမအကြိမ် အရေးယူမှုမှာ ၂၀၀၀ ပြည့်နှစ်၊နဝတ/နအဖ စစ်အာဏာရှင်အုပ်ချုပ်ရေးကာလတွင် အဓမ္မခိုင်းစေမှု (Forced Labour) ပြဿနာများ အလွန်ဆိုးရွားလာခြင်းကြောင့်ဖြစ်ပြီးယခု ဒုတိယအကြိမ် အရေးယူမှုကြောင့် စစ်ကောင်စီသည် ယခင်ကထက် ပိုမိုပြင်းထန်သည့် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ NUCC က ဆိုပါတယ်။ 

ILO က အခုလိုအရေးယူပြီးနောက်ဆက်တွဲ အရေးယူမှုတွေဟာ  အလုပ်သမားထုအပေါ်ထိခိုက်မှု အနည်းဆုံး ဖြစ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ NUG က ပြောဆိုထားပါတယ်။ 

စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာတုန့်ပြန်ထားခြင်းမရှိသေးသလို ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း အခုပုဒ်မရဲ့ သက်ရောက်မှုတွေကို လေ့လာနေကြဆဲဖြစ်သည်ဟု မှတ်ချက်ပြုထားပါတယ်။ 

ILO ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ အလုပ်ရှင်၊ အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း စစ်ကောင်စီရဲ့  အလုပ်သမားဝန်ကြီးဌာနက  ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ဆိုပါတယ်။ 

ဒါ့အပြင် ILO  အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နဲ့ အလုပ်အကိုင်ဖန်တီးပေးရေးအတွက် လွတ်လပ်မှုနဲ့ အချုပ်အခြာကို မထိခိုက်စေပဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *