
ဇူလိုင် ၄ ၊ အင်းတော်ကြီး
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဒီရက်ပိုင်းတွေအတွင်း ရာသီသွေးလွန်တုတ်ကွေးဖြစ်ပွားမှုများနေပြီး သေဆုံးသူတွေပါရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဒေသခံအားလုံးက တောင်သူလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်တာကြောင့် တောတောင်တွေထဲ သွားလာအလုပ်လုပ်ကိုင်ကြရပြီး ပြီးခဲ့တဲ့လက ငှက်ဖျားအဖြစ်များခဲ့ကာ ဒီရက်ပိုင်းတွေမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေကြောင်း ဆိုကြပါတယ်။
“ ငှက်ဖျားနဲ့သွေးလွန်တုတ်ကွေးတွေတအားဖြစ်နေတာရွာဘက်မှာ တအားကိုမှဖြစ်တာ တောထဲသွားကြတဲ့လူတိုင်းဖြစ်တာဆို အခုကတုတ်တွေးဖြစ်ပြန်တယ် ဟိုတစ်နေ့ကတုတ်ကွေးဖြစ်လို့တဲ့ ကလေးတစ်ယောက်သေသွားတာ သွေးတွေအန်လို့ ‘ဟု သေဆုံးသူမိသားစုနဲ့ နီးစပ်သူ အင်းအနောက်ကမ်းရှိ မမုန်ကိုင်ကျေးရွာသူတစ်ဦးက ပြောပြပါတယ်။
အဆိုပါသွေးလွန်တုတ်ကွေးကြောင့် သေဆုံးသူဟာ အသက် တစ်နှစ်ခွဲသာရှိတဲ့ အမျိုးသမီးကလေးငယ်တစ်ဦးဖြစ်ပြီး သူ့အပြင် နောက်ထပ်သေဆုံးတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
လက်ရှိဒေသအတွင်းက ကျေးရွာအသီးသီးမှာ နန့်မွန်းဆေးရုံကိုသာအားထားနေရတာဖြစ်ပြီး သို့သော် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်းနည်းပါးခြင်းတွေကြောင့် ဒေသခံတွေအတွက် ခက်ခဲမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ ရာသီတုတ်ကွေးရောဂါတော့ ဖြစ်ပွားလေ့ရှိပေမယ့် အခုလိုဆိုးဝါးတဲ့ သွေးလွန်သေးဆုံးမှုဖြစ်စဉ်အထိ ဖြစ်ပွားမှုနည်းပါးခဲ့ပါတယ်။
ဒါ့အပြင် ငှက်ဖျားရောဂါတွေဟာလည်း ယခင်နှစ်တွေက မဖြစ်ပွားခဲ့ပေမယ့် အခုနှစ်မှာ ပြန်လည်ဖြစ်ပွား လာနေတယ်လို့သိရပါတယ်။
ငှက်ဖျားက (Alopheles) အန်နိုဖီလက်လို့ခေါ်တဲ့ ခြင်မှတစ်ဆင့် ကူးစက်တာဖြစ်ကာ သွေးလွန်တုတ်ကွေးက အီတက် (Aedes)ခြင်ကနေ ကူးစက်ကြတာဖြစ်သလို ဒီရောဂါတွေဟာ မိုးရာသီမှာဖြစ်ပွားတတ်တဲ့ရောဂါတွေဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။