NUG ကို ငွေကြေးထောက်ပံ့သူ လူ (၂)ထောင်ကျော်ရဲ့ အချက်အလက်တွေပေါက်ကြား

(၂၁) ဦးဖမ်းမိထားသူထဲ မိုးညှင်းမြို့သားတစ်ဦးပါဝင်

စက်တင်ဘာ(၂၉)၊ နေပြည်တော် 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ  ငွေကြေးထောက်ပံ့ပေးသူ လူ(၂၇၀၀)ကျော်ရဲ့အချက်အလက်တွေအားလုံးကို သိရှိထားတယ်လို့ ဦးမင်းအောင်လှိုင်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

NUG ရဲ့ ထောက်ပို့တစ်ခုဖြစ်တဲ့  People’s Revolution Supply Family (PRF)  မှာ ငွေကြေးထောက်ပံ့ပေးပို့ခဲ့သူများဖြစ်ပြီး ဒီထဲက (၂၁)ဦးကို ဦးစွာဖမ်းဆီးရမိထားတယ်လို့ ရုပ်ပုံ ၊နေရပ်လိပ်စာတွေနဲ့အတူ ဖော်ပြခဲ့တာပါ။

ဖမ်းဆီးရမိတဲ့သူတွေအထဲမှာ ကချင်ပြည်နယ် မိုးညှင်းမြို့သားတစ်ဦးလည်း ပါဝင်ထားကာ မြို့တွင်းနေထိုင်သူ ကိုထက်သူအောင်ဖြစ်တယ်လို့သိရပါတယ်။

နည်းတူ နောက်ထပ် ဖမ်းဆီးထားတဲ့ ပြည်တွင်းက ဒေသအသီးသီးရှိ ကိုထက်သူအောင်အပါအဝင် အမျိုးသား(၁၂)ဦးနဲ့ အမျိုးသမီး (၉)ဦး တို့ရဲ့ PRF ကို ထောက်ပံ့ခဲ့တဲ့ အွန်လိုင်း Payment နဲ့ဘဏ်အကောင့်ရှိ ငွေကြေး တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမှာဖြစ်ကြောင်း ပြောထားပါတယ်။ 

PRF ဝက်ဘ်ဆိုဒ်ကို Wave Pay နဲ့ ငွေကြေးထောက်ပံ့သူ (၇၀၀)ခန့်၊ NUG Pay နဲ့ Crypto-native ဒီဂျစ်တယ်ဘဏ်ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ဘဏ် တွေကနေ  ငွေကြေးထည့်ဝင်သူ   (၁)ထောင်ခန့်စီ စုစုပေါင်း  လူ(၂၇၀၀)ကျော်အချက်အလက်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အချက်အလက်တွေ ဘယ်လိုဖော်ထုတ်သိရှိခဲ့တဲ့အကြောင်းကို ဖော်ပြထားခြင်းမရှိဘဲ အခုလက်ရှိဖမ်းဆီးမိထားသူတွေအပြင် နောက်ထပ်ကျန်ရှိနေသူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမယ်လို့  ပြောထားပါတယ်။

PRF ရဲ့ Website အတွင်းကဖော်ပြချက်မှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလနှစ်လအတွင်း လူပေါင်း (၃)သောင်းကျော်ကနေ အမေရိကန်ဒေါ်လာ (၁၀)သိန်းကျော် လှူဒါန်းထားကြောင်း သိရပြီး ဒီကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တွေကို အဓိကထောက်ပံံ့နေတာပါ။

ဒီကနေ ရတဲ့ရံပုံငွေဟာ PDF  စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၃၀ ကျော် ထောက်ပံ့ထားခဲ့တယ်လို့သိရပါတယ်။ 

တော်လှန်ရေးအဖွဲ့တွေကို အွန်လိုင်းပေါ်မှဖြစ်စေ တစ်နည်းနည်းဖြင့်  ငွေကြေးထောက်ပံ့ရင်  နိုင်ငံရေးပုဒ်မ ၅၀၅ (က)ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ (၅၄) အထိ ငြိစွန်းပြီး  ထောင်ဒဏ်သုံးနှစ်ကနေ ၁၀ နှစ် ဒါမှမဟုတ် သေဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့  စစ်တပ်က  ထုတ်ပြန်ထားတာ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *