ရွှေတူးဖော်မှုကြောင့် ပျက်စီးခဲ့တဲ့ မမုန်ကိုင်ကျေးရွာက မြေနေရာတချို့ပြန်ပြင်မည် 

စက်တင်ဘာ(၂၈)၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အနောက်ဘက်ကမ်းရှိ မမုန်ကိုင်ကျေးရွာအတွင်းမှာ  ရွှေတူးဖော်မှုကြောင့် ပျက်စီးခဲ့တဲ့မြေနေရာတွေကို တာဝန်ရှိသူတွေက ပြန်လည်ပြုပြင်သွားဖို့ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“မြေကိုတူးထားတဲ့ကန်ဟောင်းတွေကို ငါးမျိုးစိတ်တွေပြန်ထည့်ပြီး ကန်ဘောင်လုပ်မယ်ပေါ့ ၊ပြီးရင် ကန်ဘောင်နားမှာ ပန်းခြံတို့၊လမ်းတို့  ပြန်ပြင်မယ်၊ပျက်သွားတဲ့မီးတိုင်တွေကို ပြန်လုပ်ပေးမယ် အဲလိုပြောတယ်” လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူ တစ်ဦးက အခုလိုပြောပြပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က  မကြာသေးမီ စက်တင်ဘာ(၂၆) ရက်နေ့မှာ  မမုန်ကိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တို့အပါအဝင် ကျေးရွာတာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ ရွှေတူးဖော်ခဲ့မှုကြောင့် ကျေးရွာအတွင်းလမ်းမကြီးနဲ့ အနီးကျေးရွာချင်းဆက်လမ်းပိုင်းတွေ  ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။ 

“ ဟိုတလောကတော့ လမ်းပြင်ဖို့ ကတ္တရာစေးတွေဖုတ်နေတာတွေ့တယ်၊ တနေ့ကမှအစည်းအဝေးပြန်လုပ်တာထင်တယ်၊ လုံးတုံနဲ့ မမုန်ကိုင်ကြားကလမ်းတွေ တော်တော်ပျက်သွားတာလေ၊ ရွာထဲမှာလည်း တချို့မီးတိုင်တွေ ပါသွားတာတွေရှိတယ်လေ၊ ကတ္တရာလမ်းမကြီးကတော်တော်တူးစားထားတာလေ” လို့ အနီးကျေးရွာအတွင်းနေထိုင်သူ လုံးတုံမြို့သားတစ်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိက  ကျေးရွာပိုင် မြေနေရာတွေနဲ့ စာသင်ကျောင်းမြေနေရာတွေအပါအဝင် အလွန်အကျွံရွှေတူးဖော်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်အတွင်းမှာတော့  ကျေးရွာအနီးက သစ်တောနေရာတွေမှာ ရွေ့ပြောင်းတူးဖော်မှုတွေရှိနေဆဲလို့ သိရပါတယ်။

မမုန်ကိုင်ကျေးရွာက အင်းတော်ကြီးအိုင်နဲ့ မိုင်အနည်းငယ်ခန့်သာကွာဝေးပြီး  ရွှံ့၊နွံ နဲ့ ပြဒါးရေတွေဟာ ကန်အတွင်းကို စီးဝင်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

မမုန်ကိုင်၊ မိုင်းနောင် နဲ့ အင်းအနောက်ဘက်ကမ်းက ကျေးရွာတွေမှာ ရွှေတူးဖော်မှုတွေကို လုပ်ဆောင်လာတာလည်း ဆယ်စုနှစ်သုံးခုကျော်ရှိနေပြီး ထိရောက်တဲ့အရေးယူမှုတွေကို ယနေ့အထိ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *