
စက်တင်ဘာ ၃၀ ၊ ကျောက်တောင်
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
“ဒီနောက်ဆုံးတိုက်ခိုက်မှုဟာ စစ်ရေးပဋိပက္ခအတွင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လိုက်နာမှုရှိ၊ မရှိနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်စရာဖြစ်စေပါတယ်။” လို့ သူက ပြောပါတယ်။
ကျောက်တောင်မြို့နယ် လူမျိုးပေါင်းစုံစုဖွင့်ထားပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိတဲ့ အိန္ဒိယစျေး နဲ့ ကစ္ဆပနဒီတံတားကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ လေကြောင်းမှ တိုက်ခိုက်တာကြောင့် သေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှု များပြားခဲ့တာလို့ ရခိုင့်တပ်တော် AA က ဆိုပါတယ်။
လက်ရှိအချိန်အထိလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူဦးရေ စုစုပေါင်း (၅၀) ဦး အထိ ရှိလာခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၂၁) ဦးကျန်နေဆဲဖြစ်တယ်လို့ ဒီနေ့မှာပဲ AA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်သူတွေ နဲ့ လုပ်ဆောင်သူတွေကို မကြာခင်မှာ လက်တုံ့ပြန်သွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေအတွင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ အရပ်သား နဲ့ စစ်သုံ့ပန်းသေဆုံးသူ နှစ်ရာကျော်အထိ ရှိနေတာလည်းဖြစ်ပါတယ်။
“ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေကို ထပ်မံဖော်ပြနေပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေက ပိုမိုဆိုးရွားပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အလွန်အမင်း ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံသားတွေဟာ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေကို ခံနေရပါတယ်” လို့ Türk က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက နယ်မြေအားလုံးနီးပါးကို AA က ထိန်းချုပ်ထားပြီး စစ်တပ်က နယ်မြေတွေပြန်ရယူရေးအတွက် စစ်ဆင်ရေးတစ်ရပ်ကိုလည်း ပြန်လည်ပြုလုပ်နေသလို ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာတိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။
