


အောက်တိုဘာ ၁ ၊ The Straits Times
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ငံအလယ်ပိုင်းဒေသမှာ မနေ့ကညပိုင်းက ရစ်ချက်တာစကေး အင်အား ၆.၉ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၉၆ ဦးအထိမြင့်တက်လာခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်သလို ဓာတ်အားနှင့် ရေပြန်လည်ရရှိရေးအတွက် အစိုးရအေဂျင်စီတွေက ကြိုးစားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီရောက်အောင်နဲ့ လျှပ်စစ်မီးပြန်ရအောင် ကြိုးပမ်းနေချိန်မှာပဲ ပြည်နယ်အတွင်းမှာ ”ကပ်ဘေးဆိုင်ရာအရေးပေါ် အခြေအနေ” ကြေညာထားပါတယ်။
မနေ့က ဒေသခံထောင်နဲ့ချီဟာ လမ်းမတွေပေါ်မှာ အိပ်စက်ခဲ့ရပြီး နောက်ဆက်တွဲငလျင်တွေဟာ အကြိမ် ၆၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကမ်းလွန်ပင်လယ်ပြင်က လှုပ်ခတ်ခဲ့တဲ့ ရေတိမ်ပိုင်းငလျင်ရဲ့ ဗဟိုချက်အနီးရှိ ဘိုဂိုမြို့က ဆေးရုံဟာ နစ်မြုပ်သွားပြီဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးအရာရှိ Raffy Alejandro က သတင်းထောက်များအား ပြောကြားထားပါတယ်။
ဒေသတွင်း အရပ်ဘက်ကာကွယ်ရေးရုံးမှ ပြန်ကြားရေးအရာရှိ မစ္စ Jane Abapo က သေဆုံးသူ ၆၉ ဦးဟာ စီပူးပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာရုံးမှ အချက်အလက်များအပေါ် အခြေခံပြီး အတည်ပြုနိုင်တယ်လို့ဆိုပါတယ်။
လူပေါင်း ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အခြားအရာရှိတစ်ဦးကလည်း ပြောဆိုထားပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းက အဆောက်အအုံ လေးလုံး အပါအဝင် အနည်းဆုံး အဆောက်အအုံ ၂၂ လုံး ပြိုကျပျက်စီးခဲ့ပြီး အစိုးရ အဆောက်အဦး ၃ လုံး ၊ တံတား ၆ စင်းနှင့် လမ်း ၁ လမ်း ပျက်စီးထားပါတယ်။
ဖိလစ်ပိုင်ရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်တဲ့ စီပူးပြည်နယ်ဟာ လူဦးရေ ၃.၄ သန်း နေထိုင်တာဖြစ်ပါတယ်။