
အောက်တိုဘာ ၂၉ ၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ် မြို့တို့ကို တအောင်းတပ် TNLA က ပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်း ဒီနေ့အောက်တိုဘာလ ၂၉ ရက်နေ့မှာ TNLA ဘက်က ထုတ်ပြန်လာပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အထူးကိုယ်စားလှယ်နဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေနဲ့အတူ အပစ်ခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့ ဆိုပါတယ်။
မိုးကုတ် ၊ မိုးမိတ် မြို့တို့ကနေ တအောင်းတပ်များက ပြန်လည်ဆုတ်ခွာသွားမှာဖြစ်ပြီး စစ်တပ်အနေနဲ့ တအာင်းဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၊ ထိုးစစ်ဆင်တာရပ်တန့်ရမယ်လို့ ဆိုပါတယ်။
ဒီနေ့ ကစပြီးတော့ တပ်တွေရောက်ရှိရာနေရာမှာ ရပ်တန့်ရမှာလို့လည်း ဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး မိုးမိတ်မြို့ကို ဇူလိုင်လ ကုန်မှာက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
TNLA က ဩဂုတ်လကစလို့ အောက်တိုဘာလကုန်အထိ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့တို့ကို ပြန်လည် လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။
မိုးကုတ်မြို့ရဲ့ ဝင်ထွက်သွားလာလို့ရမယ့် လမ်းပိုင်းတွေအများစုကို စစ်တပ်က ပိတ်ဆို့ထားတာ တစ်လနီးပါးရှိပြီး မြို့အတွင်းဗုံးကြဲမှုတွေကို ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် တအောင်းတပ်ရဲ့ နမ့်ဆန်၊ မန်တုံမြို့ပေါ်ရပ်ကွက်တွေကိုလည်း လေကြောင်းကနေ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်။
TNLA နဲ့ စစ်တပ်တို့ဟာ ညှိနှိုင်းဆွေးနွေးမှု ၉ ကြိမ်အထိရှိလာပြီးတဲ့နောက် လက်မှတ်ရေးထိုးလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။
