မော်လူးမြို့ကို စစ်တပ်ထိန်းချုပ် 

စစ်ကိုင်း-ကချင်နယ်စပ်မြို့နှစ်ခုကို တစ်ပတ်အတွင်း စစ်တပ်ပြန်သိမ်းခဲ့ 

မေ ၅ ၊ မော်လူး 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်တပ်တွေက ဒီနေ့ မေလ ၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း  စစ်တပ်ဘက်က ကြေညာလာပါတယ်။ 

အင်းတော်မြို့ကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ စစ်တပ်က ထိန်းချုပ်ခဲ့ပြီးနောက် မော်လူးမြို့ကို စစ်ကြောင်းတွေ ပြန်လည်ချီတက်ခဲ့တာပါ။ 

မေလ ၂ ရက်နေ့မှ စတင်ကာစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မေ ၅ ရက်နေ့ မနက်ပိုင်းမှာထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်

အင်းတော်၊ နဘားဘက်ကနေ ချီတက်လာခဲ့တဲ့ စစ်ကြောင်းတွေဟာ မော်လူးမြို့အနီးတဝိုက်မှာ တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့ပြီး မြို့ကိုအလွယ်တကူသိမ်းယူနိုင်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ 

အင်းတော်မြို့ကို စစ်တပ်တွေသိမ်းစဉ်ကတည်းက ဒေသခံတချို့ဟာလည်း မော်လူးမြို့ခံတွေဟာ ကြိုတင်စစ်ဘေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

မော်လူးမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တာကြောင့် ကချင်ပြည်နယ်ကနေ စစ်ကိုင်းအထက်ပိုင်းအထိ စစ်ကူတွေ အလွယ်တကူရောက်ရှိသွားနိုင်ပြီလည်းဖြစ်ပါတယ်။ 

မော်လူးမြို့ကို ဟာ စစ်ကိုင်းတိုင်းအတွင်း အစောဆုံးအသိမ်းပိုက်ခံရတဲ့မြို့တစ်ခုဖြစ်ပြီး  ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း  KIA+PDFနဲ့ ABSDF ပူးပေါင်းတပ်တို့ ပူးတွဲသိမ်းပိုက်ခဲ့တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။

မော်လူးမြို့ဟာ မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သိမ်းပိုက်ခံခဲ့ရတာပါ။ 

၂၀၁၈ ခုနှစ်မှာ မော်လူး ကျေးရွာအုပ်စုမှ မော်လူး၊ ဟဲနု၊ ကရင်၊ အုန်းဒုတ်၊ မင်းသာကျေး ရွာငါးရွာကို စုစည်းပြီး မင်းရာဇာ၊ မင်းဇေယျာ၊ မင်းချမ်းသာ၊ မင်း သုခ၊ မင်းသစ္စာ၊ မင်းသီရိ ရပ်ကွက်ခြောက်ခု ပါဝင်တဲ့ မော်လူးမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *