
မေ ၈၊ မိုးညှင်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗ.က.သ) နှစ် ၉၀ ပြည့် အခမ်းအနားကို ဒီကနေ့မနက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ကရင်နီမြို့နယ်များမှာ ပြုလုပ်ခဲ့ပြီး မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလ ဆယ်စုနှစ် (၉ )စုတိုင်အောင် သမိုင်းအဆက်ဆက်ကို လက်ဆင့်ကမ်းဖြတ်သန်းလာခဲ့တာ ဒီကနေ့ နှစ်(၉၀ ) ပြည့်ခဲ့ပြီဖြစ်ကြောင်းကို ထည့်သွင်းပြောဆိုထားတာပါ။
အမျိုးသားရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဟူသော အခြေခံမူဝါဒ (၅)ချက်ကို ကိုင်စွဲထားတဲ့ သမိုင်းဂုဏ်ရောင် ပြောင်မြောင်သော အဖွဲ့အစည်းဖြစ်တယ်လို့ ပါရှိပါတယ်။
“ဖက်ဆစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုယန္တရားများကို အမြစ်ပြတ်ချေမှုန်းရန် တပ်ဦးမှဦးဆောင်တိုက်ပွဲဝင်နေ သလို ကျွန်ုပ်တို့ မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂသည်လည်း ခွပ်ဒေါင်းအောင်လံတော်အောက်၌ အဖွဲ့ချုပ်နဲ့ အတူလက်တွဲညီညီဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကိုပေးပို့အပ်ပါသည်”လို့ ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင့် “ကျောင်းသားသမဂ္ဂခေတ်တိုင်းရှိရမည် ဗကသ များအဖွဲ့ချုပ်ဦးဆောင်အောင်ပွဲအဆက်ဆက် နိုင်ရမည်” လို့ ထပ်လောင်းပါရှိပါတယ်။
ဗ.က.သ မျိုးဆက်တွေ နဲ့ ကျောင်းသားတွေတက်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားမှာ သဝဏ်လွှာဖတ်ကြားတာ၊ နှစ် ၉၀ ပြည့်အမှတ်တရ ဂုဏ်ပြုစကားပြောတာ၊ ကဗျာရွတ်တာနဲ့ သီချင်းဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗ.က.သ)(ABSFU) ကို (၁၉၃၆) ခုနှစ်ကျောင်းသားသပိတ်ကြီးအပြီး မေလ(၈)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး (၁) အမျိုးသားရေး (၂) ဒီမိုကရေစီရေး(ဝါ)စစ်အာဏာရှင်စနစ်ဆန့်ကျင် ရေး (၃) ဒီမိုကရေစီပညာရေး (၄) ငြိမ်းချမ်းရေး (၅) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး (၆) နိုင်ငံတကာကျောင်းသားညီညွတ်ရေး စတဲ့မူဝါဒ(၆)ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
