အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းတွေကို လက်စားချေတိုက်ခိုက်နေ

ဇွန် ၁၁ ၊ တီဟီရန်

အမေရိကန်က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားပြီးနောက် ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်နိုင်ငံတွေမှာရှိတဲ့ အီရန်ကလည်း အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီး လက်စားချေတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါတဲ့ ဟော်မုခ်ရေလက်ကြားကိုလည်း ပိတ်လိုက်ပြီလို့ IRGC က ဆိုပါတယ်။ 

အမေရိကန်စစ်တပ်ကလည်း အီရန်နိုင်ငံတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးစနစ်တွေ၊ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ လေကြောင်းကာကွယ်ရေးနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မြို့တော်တီဟီရန်အနီးက Abyek (အဘယက်)၊ Qarchak(ကာချတ်)၊ Minab(မီနပ်)၊ Nazarabad (နာဇာရာဘတ်)နဲ့ Karaj (ကာရာဂျ်) မြို့တွေမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အရေးပါတဲ့ ရေနံနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး အချက်အချာဒေသတွေဖြစ်တဲ့ Sirik (ဆီရစ်)၊ Bandar Abbas(ဘန်ဒါအဘတ်စ်) ၊ Qeshm နဲ့ Kharg Island ကျွန်းတို့လည်း တိုက်ခိုက်ခံရတဲ့ နေရာတွေထဲမှာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းရှိ အမေရိကန်စစ်စခန်းတွေကို အီရန်ဘက်က ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဒုတိယမြောက်ည ဖြစ်လာတယ်လို့ သိရပါတယ်။

ဒီလို နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အပစ်အခတ်ရပ်စဲရေး အလားအလာတွေ အားနည်းနေတယ်လို့ ပြောထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပထမအကြိမ် တိုက်ခိုက်မှုတွေဟာ အမေရိကန်ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို လက်စားချေတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အီရန်အနေနဲ့ သဘောတူညီချက်တစ်ရပ် ရရှိဖို့ အချိန်ကြာမြင့်နေပြီး လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အချိန် ရောက်နေပြီလို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

သဘောတူညီချက် မရရှိဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားလာနိုင်သလို အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း အီရန်က ဟော်မုဇ်ရေလက်ကြားကို မလုံခြုံအောင် လုပ်ဆောင်သွားနိုင်တယ်လို့ ပြောဆိုထားပြီး ဒါဟာ ဒေသတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *