ဖားကန့်ဒေသမှာ ဥရုချောင်းဘေးတစ်လျှောက် ရေနစ်မြှုပ်နေတာ (၃)ရက်ကြာမြင့်လာ 

ရေကြီးနေသည့် ဥရုချောင်းကိုတွေ့ရစဉ်/Credit

ဇွန်(၁၅)၊ ဖားကန့်

ကချင်ပြည်နယ်၊ဖားကန့်မြို့အတွင်းရှိ ငှက်ပျောတောရပ်ကွက်နဲ့ မြို့မရပ်ကွက် (ကျောက်ဝိုင်း)ဘက်ခြမ်းက ဥရုချောင်းဘေးတစ်လျှောက်နေရာတွေမှာ ရေဝင်ရောက်နစ်မြှုပ်နေတာ (၃)ရက်ခန့် ကြာမြင့်နေပြီလို့ ဒေသခံများထံမှ သိရပါတယ်။

“မိုးရွာတာကတစ်ပတ်ကျော်ခဲ့ပြီ ဖားကန့်မှာရေဝင်နေတာ ငှက်ပျောတောနဲ့ ကျောက်ဝိုင်းတို့လေ အေ့ဘက်တွေခုလောလောဆယ်သွားမရဘူး ဆိုင်ကယ်တွေကားတွေလည်းမရဘူး အခုထိသွားမရတာ စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူး မိုးကခုလည်းတစ်ဖွဲဖွဲရွာနေတော့ရေကမကျသေးဘူး နစ်နေတုန်းပျက်စီးတာတွေ ကြီးကြီးမားမားမရှိပါဘူး”လို့ ဖားကန့်မြို့ပေါ် နေထိုင်သူတစ်ဦးက အခုလိုပြောပြပါတယ်။

မိုးအဆက်အပြတ်ရွာသွန်းနေမှုကြောင့်  ချောင်းရေလျော့ကျခြင်းမရှိနေသေးသလို ဒီနေ့အထိ ရပ်ကွက်ရေလွှမ်းနေဆဲဖြစ်ပြီး လှေများဖြင့်ကူးလူးသွားလာနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဥရုချောင်းဘေးတစ်လျှောက်ရှိ နမ့်မှော်ကျေးရွာ၊ မမုံကျေးရွာ အပြင် ကျန်ကျေးရွာတွေမှာလည်း ကျေးရွာအတွင်းရေဝင်ရောက်မှုတွေရှိနေသလို ဖားပြင်-မမုံ-ဆိပ်မူကူးတို့ဆိပ်မှာ ချောင်းရေမြင့်တက်မှုတွေလည်း ရှိနေတယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက ဧရာဝတီမြစ်ရေလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကနေ ဆက်တိုက်မြင့်တက်နေပြီး မြစ်ဘေးတစ်လျှောက် ရေနစ်မြှုပ်မှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒကလည်း ဇွန်(၁၁)ရက်ကစပြီး ကချင်ပြည်နယ်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မိုးရက်ဆက်ရွာသွန်းမှုတွေ (၁၀)ရက်အထိကြာမြင့်နိုင်သလို ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *