ကချင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ခြောက်ထောင်ကျော်ရှိ 

ဇွန်(၂၉) ၊ ကချင်

၂၀၂၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူစာရင်းတွေထဲမှာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းက ကျောင်းသား/သူတစ်သောင်းကျော်ပါဝင်ခဲ့တယ်လို့  မနေ့က ဇွန်(၂၈)ရက်နေ့မှာ ကြေညာခဲ့တဲ့ပါတယ်။

ကချင်ပြည်နယ်က (၁၁၀၀၀)ကျော်ဖြေဆိုရာမှာ  (၆၀၀၀)ကျော် အောင်မြင်ပြီး ရာခိုင်နှုန်းထက်ဝက်ကျော် တက္ကသိုလ်ဝင်ခွင့်ရရှိတာလည်းဖြစ်ပါတယ်။

ဒီထဲက မိုးညှင်းခရိုင်အတွင်းရှိ စာစစ်ဌာန (၈)ခုမှာ အောင်မြင်သူ (၂၅၀၀)ကျော်ရှိခဲ့ရာ  (၆)ဘာသာဂုဏ်ထူးထွက်ရှိသူ မိုးညှင်းမြို့ပေါ်က (၇)ဦး နဲ့ ဟိုပင်မြို့မှာ (၁)ဦး နမ္မတီးမြို့မှာ (၂)ဦး စုစုပေါင်း(၁၀)ဦးရှိနေပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Top Ten  အမှတ်အများဆုံးရရှိသူစာရင်းမှာလည်း သိပ္ပံတွဲမှာ (၁၁)ဦး ၊ဝိပ္ပံတွဲမှာ( ၁၀)ဦးနဲ့ ၊ဝိဇ္ဇာတွဲမှာ ( ၁၀)ဦး စုစုပေါင်း( ၃၁)ဦးအားလုံး ကချင်ပြည်နယ်က ရရှိထားပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ (၁၂၀၀၀)ကျော်ရှိတဲ့အထဲ (၅၉၀၀)ကျော် အောင်မြင်ခဲ့ကာ (၄၇)ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်မြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့တဲ့ ဗန်းမောက်မြို့နယ်မှာ (၂၂)ဦးအောင်မြင်ခဲ့ပါတယ်။ 

(၂၀၂၆) ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ (၂၅၀၀၀၀)ကျော်ရှိပြီး အောင်မြင်သူ (၁၃၀၀၀၀)ကျော်ရှိခဲ့ရာ ရာခိုင်နှုန်းထက်ဝက်ကျော် တက္ကသိုလ်ဝင်တန်းဝင်ခွင့်ရရှိခဲ့တယ်လို့ စာစစ်အဖွဲ့ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာမသိမ်းခင် (၂၀၂၁)ခုနှစ်မှာ ဖြေဆိုသူကျောင်းသား/သူဦးရေ (၉)သိန်းကျော်ရှိခဲ့တာကြောင့်  အခုနှစ်နဲ့နှိုင်းယှဉ်ရင် (၇၀)ရာခိုင်နှုန်းကျော် အဆမတန်ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ဒေသအချို့မှာ  စာသင်ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့် ဒေသခံကျောင်းသား/သူတွေက စစ်ဘေးတိမ်းရှောင်ရင်း လက်လှမ်းမှီတဲ့ကျောင်းတွေမှာ ဖြေဆိုကြသလို အချို့လည်းရပ်နားထားကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *