ယင်းမာပင်ခရိုင်မှာ တပ်ရင်းမှူးလုပ်ကြံမှုအပြီး ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် တာဝန်ရပ်နား

ဇူလိုင်(၁)၊ စစ်ကိုင်းတိုင်း

ယင်းမာပင်ခရိုင်က ကွပ်ကဲရေးမှူးနဲ့  တာဝန်ရှိသူတွေကို လက်နက်များဖြုတ်သိမ်းပြီး ရာထူးတာဝန်တွေအသီးသီးကနေ ယာယီရပ်နားထားသလို အဆိုပါအဖွဲ့ဝင်တွေကိုလည်း ခေါ်ဆောင်ထိန်းသိမ်းထားကြောင်း  ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့က ယင်းမာပင်ခရိုင်တပ်ရင်း(၆)ရှိ တပ်ရင်းမှူးအား သေနတ်နဲ့ပစ်သတ်ခဲ့သူ ရဲဘော်ကို စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်တယ်လို့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)စစ်ရုံးချုပ်က မနေ့ကထုတ်ပြန်လာပါတယ်။

ကျူးလွန်သူကို ဗဟိုစစ်အချုပ်ထောင်မှာ ပြောင်းရွှေ့ဖမ်းဆီးထိန်းသိမ်းထားပြီး  ဒီအမှုအတွက် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဇွန်(၂၇)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီးဖြစ်တာကြောင့် မေးမြန်းစစ်ဆေးမှုတွေစတင်နေကြောင်း ပြောထားပါတယ်။

ဒီကနေ ထွက်ပေါ်လာမယ့် စစ်ဆေးတွေ့ရှိချက်တွေကို စစ်ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ခုံရုံးတင် စစ်ဆေးစီရင်နိုင်ဖို့ ဆက်လက်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

အမှုကာလအတောအတွင်းမှာ ခရိုင်လက်အောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေကို တိုင်းစစ်ဌာနက တိုက်ရိုက်ကြီးကြပ်သွားမှာလို့ သိရပါတယ်။

တပ်ရင်းမှူးက ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးလုပ်ဖို့ စောင့်နေတဲ့အချိန် လုပ်ကြံခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ဦးစီးပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ တပည့်ဖြစ်သူက ပုလဲမောင်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းက ခရိုင်တပ်ရင်းအသီးသီးကလည်း တပ်ရင်း(၆)အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့ပြီး အရေးယူမှုတွေ သေချာပြုလုပ်ပေးဖို့ NUG ကို တောင်းဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *