မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ ဒေသခံတွေရဲ့ သဘောထားကို ရယူထားပြီးပြီလို့ဆို 

ဇွန်(၁)၊ မြစ်ကြီးနား 

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားတွေကို ရယူထားပြီးဖြစ်တယ်လို့ နေပြည်တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

စီမံကိန်းနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ဒီနှစ်အစအတွင်း သဘောထားရယူတဲ့ ကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီးတော့ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲကို ဆက််တိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

“ ၂၀၂၆ ဇန်နဝါရီလမှာ ၂၄ ဦးနဲ့ဖွဲ့စည်းပြီးတော့ မြေပြင်က ဒေသခံပြည်သူတွေနဲ့ ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲရလဒ်တွေထွက်လာပါတယ်။ လောလောဆယ် ဆွေးနွေးပွဲရလဒ်တွေ မထုတ်ပြန်ရသေးပါဘူး။ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်တုန်းပါပဲ။ ဆွေးနွေးပွဲရလဒ်အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် နံပါတ် ၁ က ဆွေးနွေးခဲ့တဲ့သူတွေအားလုံး လျှပ်စစ်မီးလိုချင်ပါတယ်”​လို့ သူကပြောပါတယ်။ 

ဒေသခံတွေအကြား မြစ်ဆုံစီမံကိန်းဟာ စိုးရိမ်ပူပန်မှုတွေရှိနေဆဲဖြစ်ပြီးတော့ စီမံကိန်းရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ထိုးပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြစ်ဆုံစီမံကိန်းအတွက် ၂၀၂၆ ခုနှစ်အတွင်းမှာ စီမံကိန်းအကောင်အထည်ဖော်မယ့်ကော်မတီတွေဟာ မြစ်ကြီးနားနဲ့ဝိုင်းမော်က ဒေသခံများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့များ ၊ တိုင်းရင်းသားရပ်မိရပ်ဖများနဲ့ မကြာခဏတွေ့ဆုံမှုတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ပညာရှင်များနဲ့ ဒေသခံပြည်သူများပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး  မေလ အထိ တွေ့ဆုံမှုအပါအ၀င် ၁၆  ကြိမ်ထက်မနည်းရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဆည်တည်ဆောက်ရာမှာ ငလျင်ပြင်းအား ၈ မဂ္ဂနီကျူ့ ဒဏ်ခံနိုင်ရည်ရှိတဲ့ ပုံစံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး  စီမံကိန်းကာလ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *