
ဇူလိုင် ၁ ၊ တမူး
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာရွှေ့ပြောင်း ၅၀၀ ကျော်ရဲ့ ဇီဝအချက်အလက်တွေကို အာသံရိုင်ဖယ်တပ်က စတင်ကောက်ယူနေပါတယ်။
အိန္ဒိယသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ မဏိပူရ်ပြည်နယ် ကမ်ဂျုံခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းတွေကို မှတ်တမ်းတင်ပြီး လက်ဗွေ၊ မျက်နှာအချက်အလက်လို ဇီဝမက်ထရစ်အချက်အလက်တွေကို စာရင်းသွင်းတဲ့လုပ်ငန်းဟာ ဇွန်လ ၃၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းကိုတော့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး နယ်စပ်လုံခြုံရေးကို ပိုမိုထိရောက်စွာ စီမံနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောထားပါတယ်။
ကမ်ဂျုံခရိုင်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာသူတွေ ယာယီခိုလှုံနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီတစ်ကြိမ် မှတ်တမ်းတင်တဲ့လုပ်ငန်းမှာတော့ ဖိုင်ကို၊ ရှန်ခါလော့နဲ့ အာလိုယိုကျေးရွာတွေမှာ နေထိုင်နေတဲ့ ရွှေ့ပြောင်း ၅၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ဟာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အချက်အလက်တွေကို တိတိကျကျ စီမံထားနိုင်ဖို့နဲ့ ကျန်းမာရေးအပါအဝင် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ပိုပြီး စနစ်တကျပေးနိုင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
ဒါ့အပြင် နောက်တစ်ဆင့်အနေနဲ့ အီလက်ထရွန်းနစ်စောင့်ကြည့်ရေးစနစ် တိုးချဲ့တာ၊ နယ်ခြားကင်းလှည့်တာတွေကိုလည်း ဆက်လက်အားကောင်းလာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ် မဏိပူရ်ပြည်နယ်အတွင်းမှာ (၂၀၂၁) ခုနှစ်ကနေ (၂၀၂၄) ခုနှစ် မေလအထိ တရားမဝင် ဝင်ရောက်နေထိုင်သူ ငါးထောင်ကျော်ရှိခဲ့ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်နေတယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောဆိုခဲ့ပါတယ်။
မဏိပူရ်ပြည်နယ် ကမ်ဂျုံခရိုင်အတွင်းမှာ တရားမဝင် ရွေ့ပြောင်းနေထိုင်သူ (၅၄၅၇) ဦးကို စီစစ်တွေ့ရှိခဲ့ရပြီး ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်းကို တိုက်ပွဲတွေကြောင့် စစ်ဘေးထွက်ပြေးတိမ်းရှောင်သူ ငါးထောင်ကျော်ရှိပြီး အဲ့ထဲမှာ ရှမ်းနီတိုင်းရင်းသား သုံးထောင်နီးပါးရှိနေတာလည်းဖြစ်ပါတယ်။
