အင်းတော်နဲ့နဘားလမ်းဆုံတွင်တိုက်ပွဲများကြောင့်ခရီးသည်တင်ကားနဲ့ကုန်ကားများရာနဲ့ချီပိတ်မိနေ

ဇွန်လိုင် ၂၊ အင်းတော်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊  အင်းတော်မြို့နယ်နဲ့ နဘားလမ်းဆုံအနီးတစ်ဝိုက်မှာ ဇွန် ၃၀ ရက်နေ့ထဲက စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လမ်းပိုင်းတွေပိတ်မိနေတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတွေကြောင့် လမ်းပိုင်းအားလုံးပိတ်ထားခဲ့ပြီး ခရီသည်တင်ကားတွေနဲ့  ကုန်တင်ကားများ ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတစ်ဦးမှ သိရပါတယ်။

“ ကားတွေက ၂၈ ရက်နေ့ထဲကပိတ်မိနေတာထင်တယ်။  သုံးလေးရက်လောက်ရှိပြီ ကားနှစ်စီးလည်း ပစ်ခံရတယ်ကြားတာပဲ ကုန်ကားတွေအများဆုံးသွားနေတာခုက ကြုံသလိုပေါ့ပိတ်တဲ့ခါလည်းပိတ်တာပေါ့” လို့သူကဆိုပါတယ်။ 

ဇွန် ၃၀ ရက်နေ့က တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့်  ၆ ဘီးကားတစ်စီးနဲ့ အံစာတုံးခရီးသည်တင်ကားတစ်စီးတို့ ထိမှန်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါတဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည်တစ်ချို့လည်းဒဏ်ရာရရှိခဲ့ကာ ကသာဆေးရုံမှာဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။  

တိုက်ပွဲဖြစ်ပွားရာ နဘားလမ်းဆုံဟာ အင်းတော်မြို့ရဲ့ ခြောက်မိုင်ခန့်အကွာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

ပိတ်မိနေတဲ့ ကားတွေဟာ လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းနဲ့ အပြင်ဘက်တို့မှာ ရပ်နားနေကြပြီး မနေ့က ဇူလိုင် ၁ ရက်နေ့မှာတော့ အတက်ကားတွေကို ကောလင်းမြို့နယ်ထဲက ကျောက်တန်းနဲ့ ကျောင်းကုန်းရွာဘက်ကနေ စတင်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။ 

ဒါပြင် တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ နီးစပ်တဲ့ကျေးရွာရွာများရှိ ဒေသခံများကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

အဆိုပါ မန္တလေး- မြစ်ကြီးနားလမ်းပိုင်းအတွင်း ခရီးသွားလာမယ့်သူများအနေနဲ့ လမ်းကြောင်းအခြေအနေကို စုံစမ်းပြီးမှသာ သွားသင့်တယ်လို့လူမှုကွန်ရက်များမှာ ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

စစ်တပ်က ကချင်ပြည်နယ်အစပ်က နေရာတွေဖြစ်တဲ့ အင်းတော်၊ ကသာ၊ မော်လူးနဲ့ ထီးချိုင့်မြို့နယ်တွေကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုချိန်ထိ တော်လှန်ရေးတပ်များကပြန်လည် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *