
ဇူလိုင် (၂)၊ မိုးညှင်း
ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်တွေ အားလုံးဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်က နေရာအများစုမှာ ဇူလိုင် (၁) ရက်ကစပြီး Mytet နဲ့ ဖုန်းခေါ်ဆိုလို့ ပြန်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်လို မြို့ပေါ်နေရာတွေအပြင် ကျေးရွာအများစုမှာလည်း Mytel ဖုန်းလိုင်းကို အသုံးပြုလို့ရနေပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ မိုင်တဲက မနေ့ကစပြီး ပြန်ရနေပြီ။ Starlink ကို ပိတ်ခိုင်းတယ်ဆိုတာတော့ မကြားသေးဘူး။ အခုတော့ ဖုန်းလိုင်းပဲ ပြန်ရသေးတာ၊ အင်တာနက်တော့ မရသေးဘူး” လို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပါတယ်။
တချို့နေရာတွေမှာတော့ Mytel ဖုန်းလိုင်း ပြန်ရနေတာ ရက်သတ္တပတ်လောက် ရှိနေပြီလို့လည်း သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အခု ဖုန်းလိုင်းပြန်ရနေတဲ့ နေရာတွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အများဆုံးဖြစ်ပြီး မိုးညှင်းမြို့နယ်ထဲက ဖားကန့်၊ အင်းတော်ကြီးလို လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ Mytel ဖုန်းလိုင်း ပြန်ဖွင့်ပေးထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
“SIM ကဒ်တွေ ပြန်ရောင်းကောင်းအောင် လုပ်တာလားတော့ မသိဘူး။ အရင်တုန်းက ဖုန်းဘေလ်ထည့်ပြီးမှ ပြန်ပိတ်သွားတာတွေရှိဖူးတော့ ဒီတစ်ခေါက်လည်း နည်းနည်းတော့ စောင့်ကြည့်ဦးမယ်” လို့ လူမှုကွန်ရက်အသုံးပြုသူတချို့က မှတ်ချက်ပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလနဲ့ အောက်တိုဘာလတုန်းကလည်း Mytel ဖုန်းလိုင်းကို ဖွင့်လိုက်၊ ပြန်ပိတ်လိုက် လုပ်တာတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ပြတ်တောက်နေတာဟာ ၂၀၂၄ ခုနှစ်ကတည်းက သုံးနှစ်နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံအများစုကတော့ အင်တာနက်အသုံးပြုဖို့ Starlink ဂြိုလ်တုအင်တာနက်ကိုပဲ အားထားနေကြရပါတယ်။
အခုရက်ပိုင်းအတွင်းမှာလည်း ငွေလိမ်လည်ဂိုဏ်းတွေကို တားဆီးဖို့ဆိုပြီး Starlink ဘက်က မူဝါဒတချို့ ပြင်ဆင်နေတာကြောင့် အင်တာနက်အသုံးပြုရာမှာ ကန့်သတ်ချက်တွေ ပိုများလာပြီး တချို့စက်တွေဆို အသုံးပြုလို့ မရတဲ့အထိ ဖြစ်နေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
