မြန်မာ–အမေရိကန် ကျားဖြန့်တိုက်ဖျက်ရေးဆွေးနွေးမှု အရပ်ဘက်အဖွဲ့တချို့ ကန့်ကွက်

ထိုင်း-မြန်မာနယ်စပ် KK Park ကို စစ်တပ်က အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း တိုက်ဖျက်ရေး ဝင်ရောက်စီးနင်းခဲ့စဉ်/MOI

ဇူလိုင် ၃ ၊ တိုကျို 

အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်း(ကျားဖြန့်)တွေကို တိုက်ဖျက်ရေးအတွက် မြန်မာနဲ့အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အလားအလာကို ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အမေရိကန်အရာရှိတွေနဲ့ မြန်မာကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အလွန်စိုးရိမ်ဖွယ်ကောင်းတယ်လို့ အရပ်ဘက်အဖွဲ့ (၂၅) ခုက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဇွန်လ (၂၅) ရက်နေ့က မြန်မာပြည်နယ်စပ်မှာရှိတဲ့ ငွေကြေးလိမ်လည်နေတဲ့ ကွန်ရက်တွေကို နှိမ်နင်းဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားဖို့ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မိုက်ကယ် ဒီဆွမ်ဘရေးက လွှတ်တော်ကြားနာပွဲမှာဖြေဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ ငွေကြေးလိမ်လည်ဂိုဏ်းတွေကြောင့်  အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံဆုံးရှုံးမှုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

အရှေ့တောင်အာရှမှာ လည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်ရေးစင်တာတွေဟာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံများအတွက် အမျိုးသားလုံခြုံရေးတွေ အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်းကိုလည်း ဒီဆွမ်ဘရေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

“ လိမ်လည်ရေးစင်တာများနှင့် စစ်တပ်တို့က  တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီခိုနေသော ဆက်ဆံရေးရှိပြီး တစ်ဖက်မရှိလျှင် တစ်ဖက် မတည်တံ့နိုင်ပါဘူး​“  လို့  အမေရိကန် မြန်မာကမ်ပိန်းအဖွဲ့ ဘုတ်အဖွဲ့ဝင် Myra Dahgaypaw က ဆိုပါတယ်။ 

ကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းမပြုသင့်သလို တရားဝင်အသိအမှတ်ပြုခြင်းလည်း မဖြစ်သင့်ကြောင်းလည်း အဲ့ဒီအရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြထားကြပါတယ်။ 

တိုင်းရင်းသားလက််နက်ကိုင်တပ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကသာ လိမ်လည်ရေးစင်တာတွေကိုဖယ်ရှားတာ ၊ လူကုန်ကူးမှုတွေကိုကယ်တင်တာ၊ ရာဇဝတ်မှုတွေနဲ့ထိခိုက်မှုတွေကိုမှတ်တမ်းတင်တာတွေကို ပြုလုပ်နိုင်ကြောင်း ဆိုထားပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်ဒေသက ငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပေါင်းပြီး  နှိမ်နင်းခဲ့ကြတာဖြစ်ပြီး လူဦးရေသောင်းနဲ့ချီ ဖမ်းဆီးခံခဲ့ရသလို  တရုတ်နိုင်ငံသားတွေနဲ့ ခေါင်းဆောင်ပိုင်းတချို့ကိုလည်း တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *