(၃) လအတွင်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်းနေပေမယ့်  ကချင်ပြည်နယ်မှာ  ဈေးနှုန်းမကျ 

မိုးညှင်းမြို့ BOC စက်သုံးဆီဆိုင်အတွင်း ဆီဖြည့်နေသည့်မြင်ကွင်းများ/SNV

ဇူလိုင် ၃၊ မြစ်ကြီးနား 

စက်သုံးဆီဈေးနှုန်းတွေဟာ  မြန်မာနှစ်သစ်ကူးကာလမှ  စတင်ကာ (၃) လအတွင်းဆက်တိုက်ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီနဲ့ ဒီဇယ် တစ်လီတာကို  ကျပ် သုံးထောင်ကျော်အထိ ကျဆင်းလာခဲ့တာဖြစ်တယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ စက်သုံးဆီဈေးတွေဟာ ဆက်တိုက်ကျဆင်းနေပေမဲ့ ကချင်ပြည်နယ်က နေရာအများစုက မြို့နယ်များမှာတော့ စျေးနှုန်းလျော့ကျခြင်းမရှိဘူးလို့ သိရပါတယ်။ 

“ ဒီတိုင်းပါပဲ မကျပါဘူး။ တစ်သောင်းကျော်ဟာတစ်သောင်းကျော်ပဲ ဒါပေမဲ့ တစ်ရက်တစ်ရက်ကို တစ်ရာနှစ်ရာချင်းတော့ကျလာတယ် ဒါလည်းအလွန်ဆုံး ၅၀၀ လောက်ပဲကျတာ” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ဆိုပါတယ်။

တရုတ်နယ်စပ်ကနေ ဝိုင်းမော်ဘက်ကို ဆီတင်သွင်းတဲ့ဘောက်ဆာကားများမှာလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်က လမ်းပိုင်းတစ်လျှောက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လမ်းပိတ်ဆို့မှုများကြောင့်  ရှိရင်းဈေးထက် ဆီဈေးတွေထိုးတက်ခဲ့တယ်လို့ ဒေသခံများကပြောဆိုလာပါတယ်။  

ယခုထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနှုန်းများကို ဇူလိုင် ၉ ရက်နေ့အထိသာ သတ်မှတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၆၈ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီများဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်အမျိုးအစားဈေးနှုန်းများမှာလည်း ဈေးကွက်အတွင်း ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ်အခြေခံပြီး နေ့စဉ်တွက်ချက်ထုတ်ပြန်နေတာဖြစ်လို့ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများ တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *