အင်းတော်ကြီးဒေသမှာ KIA+PDF တပ်စခန်းတွေကို SNA နဲ့ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေ

ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်သားတစ်ဦးကိုတွေ့ရစဉ်/ SNV

ဇူလိုင်(၃) ၊ အင်းတော်ကြီး

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)အနီးက KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တပ်စခန်းများကို SNA နဲ့  ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က မနေ့က ဇူလိုင်(၂)ရက်နေ့ မနက်(၈)နာရီဝန်းကျင်ကနေစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မနေ့ကတစ်ရက်တည်းမှာ မြို့အနီးက ဒေသအခေါ် ပတ္တမြားကုန်းနဲ့ ဟိုဖာကုန်းရှိ KIA+PDF ပူးပေါင်းအဖွဲ့တို့ရဲ့ တပ်စခန်း(၂)ခုကို  သိမ်းပိုက်ခဲ့ပြီး  အလောင်း(၄)လောင်းနဲ့ လက်နက်အချို့တို့ကိုလည်း ရရှိထားကြောင်း ဆိုပါတယ်။

“ ပတ္တမြားကုန်းက လုံးတုံဆေးရုံနောက်မှာ အဲ့တောင်လေးက ဘုရားတည်ဖို့စီစဉ်ထားတဲ့တောင်ကုန်းလေးလေ အဲ့ဒီတောင်ကုန်းမှာ KIA+PDF တွေလာနေထားတာ။  လုံးတုံမြို့ထဲမှာဖြစ်တာမဟုတ်တော့ ဒေသခံတွေနဲ့ နေအိမ်တွေမထိပါဘူး။  အခုက KIA+PDF စခန်းတွေကို သွားတိုက်နေတာ ဒီဘက်က သုံးဖွဲ့ပေါင်းက ထိုးစစ်ဆင်နေတာ” လို့ လုံးတုံမြို့အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ဒါကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+ PDF နှစ်ဖွဲ့ပေါင်းနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ကျားဖြူစစ်ကြောင်း နဲ့ ဌာနေ ပြည်သူ့စစ် သုံးဖွဲ့ပေါင်းတို့ တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

“ KIA+PDF တပ်ဖွဲ့ဘက်ကအင်အားတွေကို ဘယ်လောက်ရှိမှန်းမသိရပါဘူး မနေ့တုန်းကတိုက်ပွဲဖြစ်ပွားနေချိန်မှာ ဒဏ်ရာရတဲ့သူတွေကို ညောင်ပင်ဘက်သယ်သွားကြတယ်လို့ မြင်တဲ့သူတွေက ပြောကြတယ်” လို့ သူကဆက်ပြောပြပါတယ်။

ဒီနေ့ ဇူလိုင်(၃ )ရက်နေ့မှာတော့ လုံးတုံမြို့နဲ့  ကုန်းမနကျေးရွာအကြားရှိ KIA+PDF တပ်ဖွဲ့တွေရဲ့ စစ်ရုံးဖွင့်လှစ်ထားတဲ့ ဟဲပန်လမ်းခွဲနေရာမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။ 

အင်းတော်ကြီးဒေသအတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက အင်းအရှေ့ကမ်း နမ့်မော်ကန်ကျေးရွာကနေ အင်းမြှီး နဲ့ အနောက်ဘက်ကမ်း ဟဲပန်လမ်းခွဲမှ ဖားကန့်မြို့နယ်စပ်အထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

လုံးတုံစစ်စခန်းကနေ  KIA+PDF တပ်ဖွဲ့များ ထိန်းချုပ်ကျေးရွာများသို့ ဝင်ရောက်နိုင်တဲ့လမ်းပိုင်းကို စစ်တပ်က ပိတ်ပင်ထားတာဖြစ်ပြီး အခုလပိုင်းတွေမှာ အင်းတော်ကြီးဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။ 

KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ ယခင်ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ခံစစ်အနေအထားကို တစ်ဖြည်းဖြည်းပြောင်းလဲလာတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *