
ဇူလိုင် ၆၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့ကို စစ်ဘေးတိမ်းရှောင်လာရတဲ့ ရှမ်းနီကျောင်းသားတွေထဲက အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကချင်ပြည်နယ်အဆင့် Top 10 စာရင်းဝင်သူတွေ ပေါ်ထွက်လာခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အောင်မြင်သူတွေထဲမှာ ကချင်ပြည်နယ်အဆင့် ဝိဇ္ဇာတွဲ Top 10 စာရင်းဝင်ခဲ့တဲ့ မောင်နေရဲထက် ဟာ ဘာသာရပ် (၄) ခု ဂုဏ်ထူးရရှိခဲ့သူဖြစ်ပါတယ်။
မောင်နေရဲထက်က မြစ်ကြီးနားမြို့နယ် ခေါင်ဖူးရွာဟောင်း မှ စစ်ဘေးတိမ်းရှောင်လာရသူဖြစ်ပြီး၊ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မှာရှိတဲ့ အမျိုးအိမ်မှာ နေထိုင်ရင်း အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ Grade 10 ကစစ်ရှောင်စခန်းမှာနေခဲ့တာ။ 11 နဲ့ 12 ကျတော့ ဆွေမျိုးအိမ်မှာနေလိုက်တာ မိဘတွေရဲ့ ပံ့ပိုးမှုနဲ့ အစ်မရဲ့ပံ့ပိုးမှုကြောင့်ပါ အဆောင်ကိုစုပေါင်းပြီးထားပေးခဲ့တာ တစ်ယောက်ထဲမတတ်နိုင်လို့ မိဘရော အစ်မရောပေါင်းပြီးထားပေးတာ အဆောင်နေပြီး Top 10 ဝင်အောင်ကြိုးစားခဲ့တာပါ”လို့ သူကဆိုပါတယ်။
မြစ်ကြီးနားမြို့ အ.ထ.က (၉) ကျောင်းမှာ ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး ၄ ဘာသာဂုဏ်ထူးနဲ့ အမှတ်ပေါင်း ၄၇၉ မှတ်ရရှိခဲ့တာဖြစ်လို့ အမြင့်ဆုံးအမှတ်စာရင်းများထဲမှ Top 10 စာရင်းဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်ထဲက တာလောကြီး၊ခေါင်ဖူးကျေးရွာတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်လာတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ကျောင်းတက်ရောက်နေတာ ၃ နှစ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း ဆိုပါတယ်။
သူက စစ်ဘေးရှောင်ကျောင်းသားတစ်ဦးဖြစ်တာကြောင့် တက္ကသိုလ်တက်ရောက်နိုင်ဖို့ကိုလည်း ငွေရေးကြေးရေးအခက်အခဲကို စိုးရိမ်ပူပန်မှုရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်တပြည်နယ်လုံးမှာ သိပ္ပံဘာသာတွဲ အမှတ်အများဆုံး Top 1 ဖြစ်ခဲ့တဲ့ မောင်ဖြိုးသီဟကျော်ကလည်း ရှမ်းနီလူမျိုးတစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ ၊ ပမ္မတီးရပ်ကွက်မှာနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။
သူက မြစ်ကြီးနားမြို့ အ.ထ.က (၄) ကနေ ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်ပြီး ၆ဘာသာဂုဏ်ထူးနဲ့ အမှတ်ပေါင်း ၅၄၉ မှတ်ရရှိခဲ့ပြီး တစ်နိုင်ငံလုံး သိပ္ပံတွဲအမှတ်အများဆုံး (သိပ္ပံတွဲ) စာရင်းဝင်ဖြစ်ဖို့ ၁ မှတ်တည်းနဲ့ကပ်ပြုတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ မနှစ်တုန်းကတော့ကျောင်းမှာ အသံဗုံးလားမသိဘူးထိတာတော့ရှိတယ်။ ကျွန်တော်တို့ရပ်ကွက်က စစ်တပ်နီးသလို လေတပ်ရောတခြား တပ်တွေရောနီးနေတဲ့အခါကျတော့ ပစ်ခတ်သံတွေတော့ အမြဲတမ်းလိုလို ကြားရတယ်ကျောင်းတက်နေတဲ့ အချိန်အတောအတွင်းမှာဆိုတော့ ကိုယ့်စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတော့ရှိတာပေါ့နော် ဒါပေမဲ့လည်းစာကိုပဲအဓိကအာရုံစူးစိုက်ပြီးလုပ်ဖြစ်ခဲ့ပါတယ်”လို့ အဆိုပါ ကျောင်းသားက အခက်အခဲများကိုအခုလိုပြောဆိုခဲ့ပါတယ်။
မြစ်ကြီးနားမြို့ကို စစ်ဘေးတိမ်းရှောင်လာကြရတဲ့ ကျောင်းသား/သူတွေဟာ ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေမြင့်မားခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီပေးသူတွေထံကနေ သိရပါတယ်။
ကချင်ပြည်နယ်က (၁၁၀၀၀)ကျော်ဖြေဆိုရာမှာ (၆၀၀၀)ကျော် အောင်မြင်ပြီး ရာခိုင်နှုန်းထက်ဝက်ကျော် တက္ကသိုလ်ဝင်ခွင့်ရရှိတာလည်းဖြစ်ပါတယ်။
နောက်ထပ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Top Ten အမှတ်အများဆုံးရရှိသူစာရင်းမှာလည်း သိပ္ပံတွဲမှာ (၁၁)ဦး ၊ဝိပ္ပံတွဲမှာ( ၁၀)ဦးနဲ့ ၊ဝိဇ္ဇာတွဲမှာ ( ၁၀)ဦး စုစုပေါင်း( ၃၁)ဦးအားလုံး ကချင်ပြည်နယ်က ရရှိထားပါတယ်။
