
ဇူလိုင်(၇)၊မိုးညှင်း
ကချင်ပြည်နယ်က တောင်သူလယ်သမားတွေအတွက် ယူရီးယားဓာတ်မြေသြဇာ တန်ချိန်(၄၅၀) ပါရှိတဲ့ မော်တော်ကားအစီး(၁၀၀)ကို ဒေသအတွင်း စီစဉ်ပေးပို့ထားပြီး ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဇူလိုင်(၃)ရက်နေ့က ပြောထားပါတယ်။
မိုးညှင်းဒေသခံ ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစိန်လွင်ဦးရဲ့ “ဒေသအတွင်းဓာတ်မြေသြဇာရှားပါးခြင်းနဲ့ စျေးနှုန်းကြီးမြင့်နေခြင်းတို့ကို မည်သို့ဖြေရှင်းပေးဖို့ရှိကြောင်း” မေးခွန်းကို အခုလိုပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်မှာ ဓာတ်မြေဩဇာအလုံအလောက်မရရှိခြင်းတွေနဲ့ စျေးနှုန်းကြီးမြင့်မှုတွေကြောင့် သုံးစွဲနိုင်ခြင်းမရှိခဲ့ဘဲ စပါးအထွက်နှုန်းသိသိသာသာလျော့ကျခဲ့တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ယူရီးယားဓာတ်မြေသြဇာတန်ချိန် (၅)ထောင်လိုအပ်တယ်လို့ တင်ပြထားမှုအတွက် တန်ချိန် (၄၅၀)ကို စီစဉ်ပေးထားပြီးဖြစ်ပြီး ကျန်တဲ့တန်ချိန်တွေကိုလည်း ဆက်လက်ပေးပို့ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
စီစဉ်ပေးထားတဲ့ ဓာတ်မြေစျေးနှုန်းများကိုလည်း သက်သက်သာသာနဲ့ အခုနှစ်မိုးရာသီ စိုက်ပျိုးရာသီအမီ ဖြန့်ဖြူးရောင်းချသွားပေးဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
ဒါ့အပြင် သီးနှံပေါ်မှ ငွေပေးချနိုင်တဲ့စနစ်ကို ဆောင်ရွက်နေသလို ဧကအလိုက် လိုအပ်တဲ့ဓာတ်မြေသြဇာပမာဏကို ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
အခြား ဓာတ်မြေသြဇာ ရောင်းချနေတဲ့ အရောင်းဆိုင်တွေမှာလည်း ဦးဆောင်ကော်မတီက ရည်ညွှန်းစျေးနှုန်းတွေထက် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အမြတ်ငွေများအပေါ် အဆမတန် ပိုမိုရောင်းချနေမှုများ ၊စျေးကစားခြင်းများ ပြုလုပ်နေမှုတို့ကိုလည်း ကြီးကြပ်သွားဖို့ရှိနေကြောင်း ဆိုပါတယ်။
