
ဇူလိုင်(၈)၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ၊နန့်မီးလောင်ကျေးရွာမှာ “အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့” မှ ခေါင်းဆောင် (၁)ဦးနဲ့ အဖွဲ့ဝင် (၃)ဦးတို့ကို KIA+PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
” မျက်နှာမှာ ပုဝါတွေစည်းပြီးခေါ်သွားတယ်ပြောကြတယ်။ လူစာရင်းတွေနဲ့လာခေါ်တာ ထမင်းချက်နေကြရင်းပါသွားကြတာ ညောင်ပင်အချုပ်မှာထားထားပြီး အတွေ့မခံခိုင်းဘူးကြားနေတယ် အခြေအနေတော့ သေသေချာမသိရသေးဘူး ဖမ်းခံရတာတော့သေချာတယ်” လို့ အသင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။
သူတို့(၄)ဦးကို ပြီးခဲ့တဲ့ ဇူလိုင်(၆)ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဆိုကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နားလတန်းကျေးရွာသား ကိုဝင်းဇော် အပါအဝင် အဖွဲ့ဝင် (၄)ဦး ပါဝင်ပြီး ဖမ်းဆီးရတဲ့အကြောင်းကိုလည်း မသိရှိသေးပါဘူး။
အခုဖမ်းဆီးသွားသူတွေကိုလည်း ပြန်လည်လွှတ်လာပေးဖို့ ရပ်မိရပ်ဖများက ကြိုးစားဆောင်ရွက်နေမှုတွေရှိနေပြီး သွားရောက်ခေါ်ဆောင်နိုင်ဖို့ကိုလည်း စီစဉ်နေမှုတွေရှိနေကြောင်း နီးစပ်သူများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့(၂၀၂၂)ခုနှစ်မှာလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တွေကို KIA တပ်ဖွဲ့များ မကြာခနဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီး ပြန်လည်လွှတ်ပေးမှုတွေလည်းရှိခဲ့သလို အသက်အန္တရာယ်ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း KIA တပ်ဖွဲ့များရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတဲ့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေထဲက ( ၁၀ )ဦးထက်မနည်း ရှိနေပြီလည်းဖြစ်ပါတယ်။
