
ဇူလိုင် ၈၊ စစ်ကိုင်း
မြန်မာ-အိန္ဒိယ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေးဝ-ယာကြီး-မုံရွာ လမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က မနေ့က ဇူလိုင်( ၇ )ရက်နေ့က စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တမူး-ကလေး ၊ အဲ့မှတစ်ဆင့် ကလေးဝ- ယာကြီး- မုံရွာနဲ့ မြင်းမူသို့ ဖြတ်ပြီး စစ်ကိုင်းနဲ့ မန္တလေးမြို့အထိ ကုန်သွယ်မှုပြုလုပ်နိုင်တဲ့လမ်းပိုင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီကနေ့ ဇူလိုင်( ၈ ) နေ့မှာတော့ ကလေးဝမြို့ကို လမ်းပိုင်းတလျှောက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်တပ် စစ်ကြောင်းတွေ ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက် ကုန်စည်ပို့ဆောင်မှု၊ခရီးသွားလာမှုတွေကို ပုံမှန်ပြန်လည်သွားလာနိုင်ပြီလို့လည်း ဆိုပါတယ်။
လမ်းပိုင်းတစ်လျှောက် စစ်တပ်က တော်လှန်ရေးတပ်များကို ပြီးခဲ့တဲ့ဇွန်လ ၂ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ မနေ့ကဇူလိုင် (၇ )ရက်နေ့မှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကြောင်းတစ်လျှောက်အတွင်း တော်လှန်ရေးတပ်တွေရဲ့ လက်နက်ခဲယမ်းများနဲ့ ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။
အိန္ဒိယနယ်စပ် တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ဇွန်လအတွင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး တမူး မှ ကလေး လမ်းပိုင်း အားလုံးနဲ့ ၊ ဇူလိုင်လဆန်းပိုင်းမှာ ကလေးဝ မြို့ကနေ မုံရွာမြို့ အထိ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် အညာဒေသက တော်လှန်ရေးတပ်ဖွဲ့များက ဒီကျေးလက်ဒေသအားလုံးနီးပါးကို စိုးမိုးခဲ့တာဖြစ်ပြီး စစ်တပ်က မြို့ပေါ်တွေကိုသာ လက်မလွှတ်ဘဲထိန်းထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ စစ်တပ်အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ မေလကုန်မှာ သွားရောက်ခဲ့တဲ့ ပထမဆုံးအိန္ဒိယခရီးစဉ်မှာ အိန္ဒိယငွေကြေးအကူအညီနဲ့ စီမံကိန်းအဆင့်မြင့်တင်မယ့် ကလေးဝ-ယာကြီးလမ်းပိုင်းကို အကောင်အထည်ဖော်မယ်လို့ ကတိပေးခဲ့ပါတယ်။
