ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ရိက္ခာတင် စစ်သင်္ဘောအုပ်စု  ကလေးဝမြို့နယ်ကိုရောက် 

ချင်းတွင်းမြစ် မုံရွာမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်ရေယာဉ်တစ်စင်းကိုတွေ့ရစဉ်/ Credit – အညာပစ်တိုင်းထောင်လေးများ

ဇူလိုင် ၉ ၊  ကနီ 

စစ်ကိုင်းတိုင်းအထက်ပိုင်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ပို့မယ့် စစ်ရေယာဉ်အုပ်စုဟာ ကလေးဝမြို့နယ်ထဲကို ဒီနေ့မှာ ရောက်ရှိခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ 

မုံရွာကနေ ဟုမ္မလင်း၊ ခန္တီးထိ ဆန်တက်မယ့် ရိက္ခာတင်ရေယာဉ်အုပ်စု  အစီးရေ(၄၀)ဟာ ဇူလိုင်လ ပထမအပတ်ထဲမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်နေတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ မုံရွာမှ ထွက်လာတဲ့ စစ်ရေယာဉ်နဲ့ ရိက္ခာတင်ရေယာဉ်တွေဟာ မုံရွာ၊ ကနီ၊ မင်းကင်း ၊ ကလေးဝ မြို့အထိရောက်ရှိနေပြီး ရက်အနည်းငယ်အတွင်းမှာ  မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့တွေကို အသီးသီးရောက်ရှိမှာပဲဖြစ်ပါတယ်။ 

ဒီလိုဆန်တက်နေတဲ့ ရေယာဉ်တွေကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) နဲ့ မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် (၇) ရက်နေ့ နေ့လည် (၁၂) နာရီ (၄၅) မိနစ်မှာ တစ်ကြိမ်နဲ့ ညနေ ၃ နာရီခန့်မှာ  တစ်ကြိမ် တိုက်ခိုက်ခဲ့ပေမယ့် စစ်ရေယာဉ်တွေဟာ ဆန်တက်သွားဆဲဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စီးနဲ့ ဖလက်ခွန်သင်္ဘော ၂၄ စီး၊ စုစုပေါင်း ရေယာဉ် ၂၈ စီးပါဝင်တဲ့ ရေယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်ပြောင်းတိုက်လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ စနိုက်ပါများဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ 

နှစ်စဉ် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ချင်းတွင်းမြစ်ကြောင်းအသုံးပြုပြီး ရိက္ခာနဲ့ ခဲယမ်းတွေကို မြစ်ကမ်းဘေးတလျှောက်ရှိ တပ်တွေဆီကို စစ်တပ်ကပေးပို့နေတာလည်းဖြစ်ပါတယ်။ 

ချင်းတွင်းမြစ်အတွင်းမှာ ယခင်က စစ်ရေယာဉ်တွေကို PDF တပ်တွေဟာ  မကြာခဏတိုက်ခိုက်ခံရမှုတွေရှိခဲ့သလို ကုန်တင်ရေယာဉ်တွေကိုလည်း ပိတ်ပင်ထားလေ့ရှိပါတယ်။ 

ရေလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ရေလမ်းကို အဓိကအားထားရတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေဟာ ပြည်မထက် ကုန်စျေးနှုန်း ၅ ဆမနည်းမြင့်တက်နေတာ ၃ နှစ်နီးပါးရှိနေပြီလည်းဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *