
ဇူလိုင် ၁၀ ၊ ဘန်ကောက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အထူးအစည်းအဝေးတစ်ခုကို လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပသွားဖို့ရှိနေတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုလာပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခအခြေအနေနဲ့ အာဆီယံအဖွဲ့နဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပမယ့် အဲ့ဒီအစည်းအဝေးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းနိုင်ငံခြားရေးတာဝန်ရှိသူနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို အင်အားသုံးနှိမ်နင်းရာကနေ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာခဲ့ပြီး လူပေါင်းတစ်သိန်းခန့် သေဆုံးကာ သန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းများက ပြောဆိုထားကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ယခုအစည်းအဝေးကို အလွတ်သဘော (Informal) တွေ့ဆုံဆွေးနွေးပွဲအဖြစ် ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစည်းအဝေးအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံအတွင်း လက်ရှိအခြေအနေကို အခြားအဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း အမြင်ချင်းဖလှယ်သွားမယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။
မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ ကန့်သတ်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်နဲ့ အာဆီယံကြား သဘောတူခဲ့တဲ့ အချက် (၅) ချက်ပါဘုံသဘောတူညီချက် (Five-Point Consensus) ကို အကောင်အထည်မဖော်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် အာဆီယံနဲ့ ဆက်ဆံရေးပြန်လည်ပုံမှန်ဖြစ်လာရေးဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးလှုပ်ရှားမှုအသစ်တွေနဲ့အတူ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံရဲ့ Five-Point Consensus ကို ပြန်လည်သုံးသပ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သလို အာဆီယံရဲ့ အခြေခံမူတွေကိုလည်း ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ အဆိုတစ်ရပ်ကို တင်သွင်းထားပါတယ်။
ပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ်အများစုဟာ အဲဒီအဆိုကို ထောက်ခံခဲ့ကြပြီး လက်ရှိနိုင်ငံရေးအပြောင်းအလဲတွေနဲ့ ရွေးကောက်တင်မြှောက်ခံ အစိုးရသစ် ပေါ်ပေါက်လာမှုအပေါ် အခြေခံကာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
