
ဇူလိုင် ၃၁ ၊ နေပြည်တော်
ဦးမင်းအောင်လှိုင် ဦးဆောင်နေတဲ့ အစိုးရရဲ့ ရက် (၁၀၀) အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ ၊ မထိုးရသေးတဲ့အဖွဲ့တွေ အားလုံး မည်သည့်ကြိုတင်ကန့်သတ်ချက်ကိုမှမထားဘဲတွေ့ဆုံဆွေးနွေးဖို့ အတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ဒါ့ကြောင့်ပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့တို့နဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ ဦးမင်းအောင်လှိုင်ကဆိုပါတယ်။
ရက်( ၁၀၀) အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့တွေထဲ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့( ၇) ဖွဲ့ပါဝင်ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ “ဝ” တပ်ဖွဲ့ UWSP ၊ မိုင်းလားတပ်ဖွဲ့ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) နဲ့ နာဂလက်နက်ကိုင်တပ် NSCN-K တိုပါဝင်ပါတယ်။
SNA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီ SNUC က ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့နဲ့ ဇွန်လ ၄ ရက်နေ့မှာတွေ့ဆုံမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
နှစ်ဖက်ဆွေးနွေးမှုတွေထဲမှာ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီဘက်ကနေ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် လူမျိုးအမည် ၊ မှတ်ပုံတင် ၊ အသုံးနှုန်းနဲ့ ဒေသတွေကိုအသိအမှတ်ပြုနိုင်ရေးအတွက် NSPNC ဘက်က လွတ်တော်ကို တင်သွင်းနိုင်မယ့်အခြေအနေ အသေးစိတ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရက် ၁၀၀ အတွင်းဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာဘဲ NUG ကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုဖွဲ့စည်းခဲ့သလို မနေ့ကလည်း ဘုံနိုင်ငံရေးသဘောတူညီချက်(မူကြမ်း) ကို NUG အပါအဝင် တော်လှန်ရေးအင်အားစု (၇) ဖွဲ့တို့က ဘဘောတူကြောင်းထုတ်ပြန်ခဲ့တာပါ။
