


ဩဂုတ် ၅ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ မိုးသည်းထန်ပြီး မြစ်ချောင်းတွေဟာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာတချို့မှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ (၄) ရက်နေ့ ညနေပိုင်းမှာ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့တစ်ခုလုံး ရေနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းတွေလည်း ရေနစ်မြှုပ်မှုထဲပါဝင်ကာ ဒီနေ့မှာတော့ လမ်းမပေါ်မှာ ရေကျသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ မနေ့က နေ့လည် ၁၂ နဲ့ ၃ နာရီကြားမှာ ချက်ချင်းတိုးဝင်လာတာ လမ်းကြားတွေရော အကုန်ရေလိုင်းလုံးကြီးနဲ့ အကုန်ဝင်တာညနေတော့ နည်းနည်းပြန်ကျသွားတယ်ပြောတယ်” လို့ ဒေသခံတစ်ဦးကခုလို ပြောပြပါတယ်။
ရေကြီးမှုကြောင့် လူနေအိမ်များ၊ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရုတ်တရက်ရေဝင်ရောက်လာမှုကြောင့် လမ်းပိုင်းအားလုံးပိတ်ဆို့သွားပြီး ဒေသခံများမှာသွားရေးလာရေးအခက်အခဲများတွေ့ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှုမရှိသေးပေးပေမဲ့ ရေအတက်အကျမြန်ဆန်မှုကြောင့်စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။
“ လမ်းပေါ်တော့မရှိတော့ဘူး ။ ရွာပေါ်တက်တဲ့ ရေက နမ့်ရိမ်/နမ့်ဖယ်ချောင်းတောင်ကျရေတွေဖြစ်တာ၊ ဥရုရေကတော့ တိုးနေတုန်း။ဥရုချောင်းရေကအပြည့်” လို့ နမ့်တောဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ မနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်ပြီး ဟုမ္မလင်း-နမ့်တော-နန့်စက်လမ်းမပေါ်မှာ ရေနစ်မြှုပ်နေဆဲနေရာတွေဖြစ်တယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဩဂုတ်လ( ၅) ရက်နေ့တွင် မိုင်းဝယ်ကျေးရွာအုပ်စု မော်ရုံမြိုင်ကျေးရွာအတွင်း စီးဆင်းတဲ့ နမ့်ခွဲတဲချောင်းရေကြီးပြီး နေအိမ်တချို့ရေထဲမျှောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်မြိုနယ်တွင်လည်း ချောင်းကြီးချောင်းမှ တစ်ဆင့် နမ့်ကျင်နဲ့ နမ့်ဆန်းချောင်းများမှ အရှိန်အဟုန်ဖြင့် တိုးဝင်လာသောရေလှိုင်းများကြောင့် ငါးဖော့တွေတင်လာတဲ့ စက်လှေနှစ်စီး နဲ့ နှစ်လုံးထုံး ဟွန်ဒါ တစ်စီးရေနစ်မြှပ်ခဲ့ကာ တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။
လတ်တလောမိုးများမှု အခြေအနေများကြောင့် ကချင်ပြည်နယ်ထဲက ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး ဒေသများကနေရာအများအပြားမှာလည်း ရေကြီးမှုများဖြစ်ပေါ်ကာ နေအိမ်များကုန်းမြင့်သို့ရွေ့ပြောင်းရတာတွေ ရှိနေတာလည်းဖြစ်ပါတယ်။
